မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရွာသစ်ရပ်ကွက်တွင် ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၆ နာရီခွဲအချိန်တွင် ဂက်စ်အိုးဖြင့် ဟင်းချက်နေရာမှ ဂက်စ်အိုးပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံကသိရသည်။
“ ဖုန်းပြောရင်း ဂက်စ်မီးဖိုမှာဟင်းချက်နေတာ၊ အဲ့ဒီမှာ ဂက်စ် မီးဖိုထပေါက်တာကနေ စလောင်တာ” ဟု တောင်ရွာသစ်ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်သည် Aircon service လုပ်ကိုင်သည့်နေအိမ်ဖြစ်ပြီး မီးလောင်မှုအတွင်း ဂက်စ်အိုးပေါက်ကွဲသံများကြားရကာ လိုက်ထရပ်ကားတစ်စီးလည်းမီးလောင်ပျက်စီးသွားခဲ့ကြောင်း မီးလောင်မှုကိုမျက်မြင်တွေ့ရှိခဲ့သည့်အမျိုးသားတစ်ဦးကဆိုသည်။
“ မီးလောင်တဲ့နေရာကလမ်းကြားဖြစ်တော့ ကားတွေမြန်မြန်ဝင်ဖို့ခက်ခဲတယ်၊ လမ်းလည်းကျဉ်းတယ်၊ လျှပ်စစ်မီးကြိုး၊ ဝိုင်ဖိုင်ကြိုးတွေနဲ့လည်း မလွတ်ဘူး” ဟု အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။
အဆိုပါမီးလောင်မှုကို ည ၇ နာရီကျော်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးထံကသိရသည်။