ရန်ကုန်မြို့၊ မင်္ဂလာဒုံအခြေစိုက် ခလရ ၁၀၆တပ်ရင်းဂိတ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖထံက သိရသည်။
ဧပြီ ၂၇ရက်၊ညနေ ခြောက်နာရီ မိနစ်၄၀ခန့်တွင် မင်္ဂလာဒုံမြို့နယ်အခြေစိုက် ၁၀၆တပ်ရင်း၊ဂိတ် နှစ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ၏ စစ်ရေးတာဝန်ခံက ပြောသည်။
“ တိုက်ခိုက်တာက မဟာမိတ်တပ်ဖွဲ့ နှစ်ခုနဲ့ ခလရ၁၀၆ရဲ့ ဂိတ်နှစ်ကို မိုင်းနဲ့တိုက်တာပေါ့။ မိုင်းအလုံးရေက များပါတယ်။ခလရ ၁၀၆၊ဂိတ် နှစ်က စစ်သားတွေ အရက်မူးပြီး ပျော်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကို Yangon Army(YA)၊ အနောက်ပိုင်းခရိုင် ပကဖနှင့် YGA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင် ရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းရာအရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း YAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဖောက်ခွဲတာ အောင်မြင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ တပ်ဆုတ်ခဲ့တာပေါ့။မျက်မြင်အရ ဂိတ်နှစ်မှာ အော်ဟစ်ဆဲဆိုသံနဲ့ ခလရ ၁၀၆ ထဲကို ဝင်ပြေးသူတွေရှိတယ်။ပြန်လည်ပစ်ခတ်မှုတော့မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ခြင်းမရှိကြောင်းနှင့် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေကြကြောင်း မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့(ဧပြီ၂၈ရက်)မနက်က မင်္ဂလာဒုံဈေးထဲသွားတော့ တပ်ရင်းတွေမှာ လုံခြုံရေးချထားတာမရှိဘူး။တပ်တွင်းမှာလည်း ပုံမှန်ပါပဲ။လူတွေကို စစ်ဆေးတာလည်း မရှိဘူး။ရွှေပြည်သာတံတားအဆင်းနဲ့ ခရေပင်လမ်းခွဲမှာ ဆိုင်ကယ်ဖမ်းတာပဲရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။