စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ချင်းပြည်နယ်၊ မင်တပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို ပြန်လည်ထူထောင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့၏မြောက်ဘက် ၂၈ မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီက ဧပြီ ၂၅ ရက်၊ ည ၈ နာရီအချိန်တွင် ဂျက်ဖိုက်တာနှစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံးသီးလေးလုံးကျော်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့လေကြောင်းတိုက်ခိုက်မှုကြောင့် ဝမ္မသူးဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသော လူနာများနှင့် လူနာစောင့် လက်ရှိအချိန်အထိငါးဦးသေဆုံးခဲ့ပြီး ကြီးမားသည့်ဒဏ်ရာရရှိသူ ၁၅ ဦးဝန်းကျင်နှင့် အသေးစားဒဏ်ရာရရှိသူ ၁၅ ဦးဝန်းကျင်ရှိကြောင်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောသည်။
“ ဆေးရုံဆောင်၊ လူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ရိုက်စက်၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်းတွေကအစ အကုန်လုံး။ ပြီးတော့အောက်ကသိုလှောင်ရုံတို့၊ ပြီးမှဆေးရုံအတွက်ထားတဲ့ရန်ပုံငွေတွေရော၊ ငွေသားတွေရော၊ ဒီဇယ်၊ ဓာတ်ဆီစသဖြင့်ပေါ့နော် တခြားစက်ပစ္စည်းတွေရော အကုန်လုံး သိန်းတစ်သောင်းကျော်ရှိလိမ့်မယ်ဗျ၊ ဆုံးရှုံးမှုကတော့လေ” ဟု ၎င်းက MPA ကိုပြောသည်။
စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများကို နောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်ရသဖြင့် နေရာခွဲထားပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများရှိသော်လည်း ဆေးပစ္စည်းနှင့် ခွဲစိတ်ကိရိယာများမရှိတော့သည့်အတွက် ဆေးကုသမှုပေးရာတွင် များစွာခက်ခဲလျက်ရှိကြောင်းသိရသည်။
ဝမ္မသူးဆေးရုံသည် မင်းတပ်မြို့နယ်သာမက ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ၏ အားထားရသောဆေးရုံတစ်ရုံဖြစ်ပြီး မင်းတပ်မြို့ခလရ ၂၇၄ တပ်ရင်းမှ ၂၀၂၃ ခုနှစ်နှင့်၂၀၂၄ ခုနှစ်အတွင်း ဟောင်ဝစ်ဇာအကြိမ် ၂၀ နီးပါးနှင့် လက်နက်ကြီးအကြိမ်ပေါင်း ၆၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။
“ မင်းတပ်မြို့နယ်ကတော့ လေကြောင်းတိုက်ခိုက်မှုအခံရဆုံးမြို့နယ်လို့တောင်ကျတော်ထင်တယ်ဗျ။ လက်နက်ကြီးလည်း အတော်လေးထုခံရတယ်။ ဘာလို့ဆို တော်လှန်ရေးအားကောင်းတဲ့အတွက်လို့ပဲ ပြောရမှာပေါ့” ဟု မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံအမျိုးသားတစ်ဦးက မှတ်ချက်ပြုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ဝမ္မသူးဆေးရုံတစ်ခုလုံးကို မြေလှန်ဖျက်ဆီးခဲ့ပြီး ဆေးဝါး၊ ထိုင်ခုံ၊ ဗီရို၊ ခွဲစိတ်ပစ္စည်း၊ ဓာတ်မှန်စက်၊ စားပွဲနှင့် သောက်ရေပုံး အစရှိသည်များအားလုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။
“ ခွဲစိတ်ဆရာဝန်တွေ၊ ဆရာမတွေဆိုတာက နေ့ချင်းညချင်းမွေးထုတ်လို့မှမရဘဲကိုး။ ဆရာဝန်တွေ၊ ဆရာမတွေအများကြီးရှိတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေရှိတယ်ဆိုတော့လေ လိုအပ်တဲ့ဆေးဝါးတွေ၊ ကိရိယာတွေ၊ အဆောင်တွေ၊ ကျတော်တို့အမြန်ဆုံးရှာနိုင်မယ်ဆိုရင်တော့ ဒီဆေးကုသမှုတွေချက်ချင်းပြန်စတင်နိုင်မယ်။ ပြန်စတင်ဖို့လည်း လိုအပ်နေပါတယ်ခင်ဗျ” ဟု ဆလိုင်းယောမာန်က ဆိုသည်။
ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်တောင်ပိုင်းသာမက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့်၊ ပြည်သူများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး ကုသရေး ပြန်လည်ထူထောင်လည်ပတ်နိုင်ရေးအတွက် မိဘပြည်သူများနှင့် အလှူရှင်များအနေဖြင့် ကူညီထောက်ပံ့မှုများ ပေးကြပါရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။