ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက ဧပြီ၂၈ ၊ နေ့လယ် ၁ နာရီခွဲအချိန်က ဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ဒေသခံပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
လွန်ဒုံကျေးရွာသည် အိမ်ခြေ ၃၀ ခန့်သာရှိပြီး ကျေးရွာအနီးတွင် စစ်ရေးလှုပ်ရှားခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းများမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ ဗုံးကတော့ ပထမအကြိမ်က ၁ လုံးကြဲတာ၊ ရွာလယ်တည့်တည့်ကို ကျပါတယ်။ ဒုတိယအကြိမ်ကျတော့ ရွာထဲတစ်လုံး၊ ရွာပြင်တစ်လုံးကျတယ်ရှင့်” ဟု ၎င်းက MPA ကိုပြောသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် လွန်ဒုံကျေးရွာတွင်နေထိုင်သည့် အသက်(၆၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အသက်(၁၈)အရွယ် အမျိုးသမီးတစ်ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ အသုံးပြုတော့ခြင်းမရှိသည့် ကျေးရွာဆေးပေးခန်းနှင့် လူနေအိမ်သုံးလုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ လွန်ဒုံကိုဗုံးကြဲပြီးတော့ မင်းတပ်ဘက်က ဝမ္မသူးကိုထပ်ပြီးဗုံးကြဲတယ်လို့သိရတယ်။ စစ်တကယ်ဖြစ်နေတဲ့နေရာကို ကြဲတယ်ဆိုရင်တောင် ခံသာသေးတယ်။ အခုက စစ်မနိုင်တော့ ဗမာလိုဘယ်လိုခေါ်လဲ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့။ အဲ၊ အဲ့ဒီလိုလုပ်နေတယ်လို့ပဲ မြင်တယ်” ဟု ကန်ပက်လက်မြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်သည်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် CDF နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်တွင် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက အာရက္ခတပ်တော်(AA)၏ အကူအညီဖြင့် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။
ချင်းညီနောင်များ၏ စစ်ဆင်ရေးကြောင့် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကလည်း မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို ပေါင်(၅၀၀)ဗုံးသီးများဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ပြည်သူငါးဦးသေဆုံးပြီး (၃၀)ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။