ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနီးရှိ လူနေရပ်ကွက်များတွင် ၂၀၂၄ခုနှစ်၊ ဧပြီ ၂၇ရက် ညပိုင်းတွင် လူ ၃၀နီးပါး ခွေးရူးအကိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧပြီ ၂၇ရက်၊ ည ခုနှစ်နာရီခန့်တွင် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်အတွင်းမှ ထွက်လာသည့် ခွေးရူးတစ်ကောင်သည် မြင်တွေ့သမျှ လူတိုင်းအား ကိုက်ခဲ့ခြင်းဖြစ်သည်။
“ ခွေးက လမ်းဘေးခွေးပဲ၊ ဗွက်တွေ ပေးလူးပြီး တွေ့သမျှ ပတ်ကိုက်တာပါ၊ မြို့ထဲမှာလည်း အချင်းချင်း သတိပေးတာတွေ လုပ်လိုက်ရတယ်” ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ခွေးရူး လိုက်ကိုက်ရာ နေရာ၌ ရွှေမော်ဓော ဘုရားစျေးပွဲတန်းလည်း ရှိသဖြင့် ဘုရားပွဲလာ ဒေသခံများလည်း အကိုက်ခံခဲ့ရပြီး စုစုပေါင်း ၂၉ ဦး အကိုက်ခံခဲ့ရကြောင်း ပဲခူးဒေသတွင်း သတင်းကွန်ယက်များက ဖော်ပြသည်။
“ ဧပြီ ၂၇ရက်ညပိုင်းက ပဲခူး ရွှေမော်ဓော ဘုရားပွဲဈေးတွင် ဘုရားပွဲလာ ကျား(၁၆)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၂၉)ဦးတို့ ခွေးရူးကိုက်ခံခဲ့ရသည်” ဟု ပဲခူးမြို့သတင်းများ တင်ရှိသော Thet Phyo Kyaing facebook က အတည်ပြု ဖော်ပြထားသည်။
အကိုက်ခံရသူများမှ ခွေးရူး စတင်တွေ့ရှိရာ ကျွန်းသာယာရပ်ကွက်နှင့် ဟင်္သာကုန်း ရပ်ကွက် အပါအဝင် ရပ်ကွက် ပဲခူးမြို့ရှိ ရပ်ကွက် ဆယ်ခုကျော်၌ နေထိုင်သူများဖြစ်ပြီး အများစုမှာ ရွှေမော်ဓောဘုရားပွဲသို့ လာသူများဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ခွေးရူးလိုက်ကိုက်သဖြင့် ယင်းအားဖမ်းဆီးရန်အတွက် ဒေသခံပြည်သူများနှင့် ပရဟိတအသင်းများ ကြိုးစားခဲ့သော်လည်း လွတ်မြောက်သွားကြောင်း သိရသည်။
“ ခွေးရူးကိုက်ခံရတဲ့ တစ်ယောက် ညီမဆိုင်ကိုရောက်လာသေးတယ်။ မဟာမြိုင်နားမှာ အဲ့ဒီအမျိုးသမီးက သူ့ကားပေါ်က ဆင်းတော့ ခွေးတစ်ကောင် သူ့ကိုက်သွားတယ်တဲ့ သူ့မတိုင်ခင် တခြား လူ ၁၀ယောက်ကျော်လည်း ကိုက်ခံလိုက်ရ တယ်လို့ပြောလို့ ခွေးရူးဖြစ်မယ်၊ ကာကွယ်ဆေးထိုးဖြစ်အောင် ထိုးဖို့တော့ပြောလိုက်တယ်” ဟု ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ခွေးရူးကိုက်ခံခဲ့ရသူများကို ပဲခူးဆေးရုံ၌ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးထားပြီး အကိုက်ခံရသူများ အနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးရန် ဆော်ဩနေကြောင်း သိရသည်။