ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ဘက်ခြမ်းနှင့် ဆီဆိုင်မြို့နယ်သို့ အဓိကဆက်သွယ်ထားသည့် သဘက်ချောင်းတံတားကို စစ်ကောင်စီက ၂၀၂၄ခုနှစ်၊ ဧပြီ ၂၇ရက်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။
“ သဘက်ချောင်းတံတားက အင်းလေးနဲ့ ဆီဆိုင်ကို ဆက်သွယ်တဲ့ တံတားတစ်ခုဖြစ်တယ်။ လူထုအတွက် အရေးပါတဲ့ တံတားပါ၊ ဘယ်လိုအကြောင်းကြောင့် ဖျက်ဆီးလဲတော့မသိဘူး။ အခုလို လုပ်ချင်းအားဖြင့် လူထုတွေကို ဒုက္ခရောက် အောင် လုပ်တယ်လို့ပဲမြင်တယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက MPA သို့ပြောသည်။
သဘက်ချောင်းတံတားသည် ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာအနီး၌တည်ရှိပြီး ၂၀၂၄ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျေးရွာလည်း ဖြစ်သည်။
“ တံတားမခွဲခင်တုန်းက ခရီးသွားဖို့ လွယ်ကူတယ်။ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်ရတဲ့ ဒေသခံတွေအတွက်လည်း အလွယ်တကူ ရှောင်လို့ရတယ်။ စစ်တပ်က အခုလိုလုပ်လိုက်တော့ တိုက်ပွဲဖြစ်လာခဲ့ရင်တောင်မှ ရှောင်ဖို့ အခက်အခဲဖြစ်လာမှာ” ဟု ဝိန်းကောင်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက သဘက်ချောင်းတံတားကို မိုင်းခွဲပြီးနောက် PNLA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ ဦးထုပ်တစ်လုံးနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဧပြီ ၂၇ရက်တွင် ဆီဆိုင်မြို့နယ်ရှိ နေရာသုံးခုတွင် စစ်ကောင်စီနှင့် PNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း PNLA ကဆိုသည်။