စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်နှင့် အင်းတော်မြို့နယ်ရှိ ကလေးငယ်များ အသက်အရွယ်အလိုက် ထိုးရမည့်ကာကွယ်ဆေးများ မထိုးရကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၂ခုနှစ်၊ ဧပြီလမှ စတင်ကာ ပင်လည်ဘူးမြို့တွင် မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ ပြည်သူအများစုသည် မြို့၌ မနေထိုင်ရဲ တော့ဘဲ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခဲ့ကြောင်း၊ ၎င်းစစ်ရှောင်စခန်းများမှ ကလေးငယ်များသည် အသက်အရွယ်အလိုက် ထိုးရမည့် ကာကွယ်ဆေးများ မထိုးရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ ကာကွယ်ဆေးက ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ ထိုးလို့ရတာပေါ့၊ ပိုက်ဆံမတတ်နိုင်တော့ မထိုးရဘူး” ဟု ပင်လယ်ဘူးမြို့ရှိ ဆေးတပ်သားတစ်ဦးက ဆိုသည်။
အလားတူ အင်းတော်မြို့နယ်တွင်လည်း စစ်ရှောင်ကလေးငယ်များ ကာကွယ်ဆေးရရန် အခက်အခဲရှိကြောင်း Indaw Revolutionမှ တာဝန်ရှိသူက ဆိုသည်။
“ကျတော်တို့ဆီမှာ စစ်ရှောင် ၅၀၀၀လောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေရှိပေမဲ့ ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးဖို့တော့ အခက်အခဲရှိနေတယ်” ဟု ၎င်းကပြောသည်။
အင်းတော်မြို့နယ်တွင် နှစ်ဘက်ထိတွေ့ တိုက်ပွဲများ မဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း စစ်တပ်အထိုင်ချထားသည့် ကျေးရွာများမှ ပြည်သူများသည် နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်သည်။
အင်းတော်မြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးကမူ “ဒီမှာက ပိုက်ဆံရှိရှိ၊ မရှိရှိ ကာကွယ်ဆေးထိုးရဖို့က မလွယ်ဘူး” ဟုဆိုသည်။
ထို့ကြောင့် ပင်လယ်ဘူးနှင့် အင်းတော်မြို့နယ်များမှ ကလေးငယ်များသည် အသက် နှစ်လ၊ လေးလ၊ ခြောက်လ၊ ၉လနှင့် တစ်နှစ်ခွဲအရွယ်များတွင် ထိုးရမည့် ကာကွယ်ဆေးကို စစ်ကောင်စီလက်အောက်ခံ ဆေးရုံများတွင် ရရှိနိုင်ပြီး ဝယ်ယူရန် ခက်ခဲသဖြင့် စစ်ရှောင်ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးရန် ခက်ခဲနေခြင်းဖြစ်သည်။