မကွေးတိုင်း ၊ပခုက္ကူမြို့နယ် အနောက်မြောက်ခြမ်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ထောင်နှင့်ချီ အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် မြိုင်မြို့နယ်၊ စက်မှုနှစ် စစ်တပ်အထိုင်စခန်းမှ ပူးပေါင်းစစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်တို့သည် ပခုက္ကူမြို့နယ်အနောက်မြောက်ခြမ်းသို့ စစ်ကြောင်းထိုးသဖြင့် ပခုက္ကူမြို့နယ်၊ ဝါးကျွန်းတွင်း၊ ဖောင်းကွဲ၊ ဖောင်ချောင်း၊ ထန်းတပင်၊ ဇောင်ဂျမ်းကုန်း နှင့် မြိုင်မြို့နယ်အတွင်းရှိ အိုရင်းနှင့် ရွာသစ်ရွာတို့က ဒေသခံများ အရေးပေါ် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
” ဒီနားကျေးရွာတွေ ပတ်ပတ်လည် စစ်ကြောင်းထိုးမယ် သတင်းကြားလို့ ပြည်သူတွေရော ကာကွယ်ရေးအဖွဲ့တွေရော အစောကတည်းကရှောင်နေလိုက်တာ” ဟု မြိုင် ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ယနေ့ (မေလ ၁၀ ရက်) နံနက်ငါးနာရီခန့်တွင် ယင်းစစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊ ထန်းတပင်ရွာထဲသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်ပြီးနောက် နေအိမ်သုံးလုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ကျေးရွာခုနှစ်ရွာက စစ်ဘေးရှောင်ပြည်သူတို့သည် စစ်ရှောင်စခန်းမရှိသည့်အတွက် နီးစပ်သူ ရွာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
” လူဦးရေကတော့ တစ်ရွာကို အနည်းဆုံး ၇၀၀၊ ၈၀၀လောက် ရှိတာဆိုတော့ လူဦးရေက တော်တော်များတယ်ဗျ။ တစ်ရက်၊ နှစ်ရက်ရှောင်ရတာဆိုတော့ ကိုယ်နဲ့ နီးစပ်ရာ၊ နီးစပ်ရာ ရှောင်ရတာပေါ့။ စစ်ရှောင်စခန်းလည်းမရှိတော့ အခက်အခဲတော့ နည်းနည်းကြုံရတာပေါ့။” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ညနေ ငါးနာရီခွဲကျော်အထိ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာအနီးတဝိုက်တွင်သာ ရှိနေသေးကြောင်းသိရသည်။