စက်သုံးဆီရည်ညွှန်းဈေးနှုန်းအချို့သည် ယခုရက်သတ္တပတ်တွင် တစ်လီတာလျှင် ကျပ် ၂၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ်ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်မြို့၏ စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းမှာ မေ ၁၀ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၂၇၆၅၊ ဒီဇယ်တစ်လီတာလျှင် ၂၃၂၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၃၇၀ ကျပ် ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှည်ကြည့်ပါက ၉၂ တစ်လီတာလျှင် ၁၇၅ ကျပ်၊ ၉၅ တစ်လီတာ လျှင် ၁၈၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၇၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၈၀ ကျပ်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်မြို့ရှိ အသက် ၄၀ ဝန်းကျင် အငှားယာဉ်မောင်းတစ်ဦးက “ခါတိုင်းကျရင် ၅၀၊ ၁၀၀ ဝန်းကျင်လောက်ပဲ ၊ ဒီနေ့က ရှေ့လကနဲ့ယှဉ်ရင်တောင် သိသိသာသာ ကျလာတယ်ပြောလို့ရတယ်” ဟု MPA ကိုပြောသည်။
ရန်ကုန်အပြင် အခြားပြည်နယ်နှင့်တိုင်းအချို့တွင်လည်း စက်သုံးဆီရည်ညွှန်း လက်လီဈေးများလည်း ကျဆင်းလာခဲ့သော်လည်း စက်သုံးဆီရရှိရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းဝယ်မှုများလည်း ယနေ့တိုင်ရှိနေသေးကြောင်း အငှားယာဉ်မောင်းများနှင့် အိမ်စီးကားမောင်းနှင်သူများထံမှ သိရသည်။
“နေရာတိုင်းတော့မဟုတ်ပါဘူး။ အရင်လို အရမ်းဆိုးဆိုးဝါးဝါးကြီး တန်းစီရတာတော့မရှိဘူး။ ဆီခွဲတန်းအချိန်မီချပေးတယ်ဆိုရင် ဆီရှိရင်ဆိုင်တွေမှာ မြန်ပါတယ်ထည့်ရတာ၊ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ကြာတာပေါ့၊ ဒီနေ့ဈေးနဲ့ဆိုရင် ဟိုးနားဒီနားသွားရုံလောက်ဆို ဆီထည့်ရတာနည်းနည်းကိုက်ပါတယ်”ဟု ကားဖြင့် စားသောက်ကုန် လိုက်လံရောင်းချသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။
စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ရန်ကုန်တိုင်းအတွင်းရှိ သွားလာသယ်ယူစရိတ်မှာ ကျဆင်းလာခဲ့ခြင်းမရှိသေးကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အခြားတိုင်းနှင့်ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှုစရိတ်အပေါ် မူတည်၍ စက်သုံးဆီဈေးနှုန်း ကွာဟမှုများရှိနေပြီး စစ်ကောင်စီက လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်ရန်ဟုဆိုကာ လျှပ်စစ်စွမ်းအားသုံးယာဉ်(EV ကား) များကို ရောင်းချလျက်ရှိသည်။