ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ ရွာသူကြီးနှင့် ၎င်း၏ ညီဖြစ်သူတို့အား မေ ၁၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များက သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က ထုတ်ပြန်ထားသည်။
စစ်ရှောင်နေရသည့် ရွာသူကြီးဖြစ်သူ ဝေးဇာခွန်နှင့်ညီဖြစ်သူ ဝေးပလွန်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ရွာအရေးကိစ္စများအား တိုင်ပင်ရန်အတွက်ဟုဆိုကာ လိမ်ညာခေါ်ယူ၍ ကျေးရွာအရောက်တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLA ပြောခွင့်ရသူ တစ်ဦးကဆိုသည်။
“ရွာထဲမှာပဲသတ်ပစ်လိုက်တာပါ၊ အလောင်းတွေတော့ထားခဲ့တယ်၊ ဘာလို့သတ်ပစ်လိုက်လည်းဆိုတာလည်းမသိရဘူး၊ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ဆက်စပ်မှုမရှိဘူး” ဟု PNLA ပြောခွင့်ရသူ ကိုခွန်ရိန်းယံက MPA ကိုပြောသည်။
အသတ်ခံရသည့် ရွာသူကြီး ညီအစ်ကိုနှစ်ယောက်သည် လူလတ်ပိုင်းအရွယ်သာရှိပြီး ရပ်ရေး၊ ရွာရေးကိစ္စများတွင် တက်တက်ကြွကြွ ဦးဆောင်ပါဝင်သူများဖြစ်ကြောင်း ကိုခွန်ရိန်းယံက ဆက်လက်ပြောသည်။
“အပြစ်မဲ့လူသားမျိုးနွယ်တွေကို သတ်ဖြတ်တာတဲ့လုပ်ရပ်ကို ရက်စက်ယုတ်မာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ကျူးလွန်နေတယ်၊ ဒီလိုမျိုးပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူဖို့လိုပါတယ်၊ စကားနဲ့ အရေးယူဖို့ထက် လက်တွေ့ကျကျအရေးယူစေချင်တယ်၊ ဒါမျိုးရာဇဝတ်မှုတွေကို ကမ္ဘာ့အဖွဲ့စည်းတွေက အရေးမယူဘဲလွှတ်ထားတာဟာ အလွန်အင်မတန်ရှက်ဖို့ကောင်းတယ် ”ဟု ကိုခွန်ရိန်းယံက မှတ်ချက်ပြုသည်။
ရွာသူကြီးနှင့်အတူ နောင်ရင်းကျေးရွာတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရှောင်နေရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာမှ ဘေးလွတ်ရာသို့တိမ်းရှောင်လာသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်ရှောင်ရွာသားတွေကိုလည်း အစစအရာရာရွာလူကြီးကကူညီပေးတယ်၊ စားဝတ်နေရေးကအစ သူပဲ စီစဉ်ပေးတာ၊ ဘယ်အဖွဲ့အစည်းဘက်မှာလည်းပါတာမဟုတ်ဘူး။ စစ်ဘေးရှောင်တွေအတွက်ပဲ လုပ်ပေးနေတာ၊ ဘာဖြစ်လို့ အခုလိုကြီး ရက်ရက်စက်စက် သတ်သွားလည်းမသိဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေ ၆ ရက်ကလည်း ဆီဆိုင်မြို့၊ ထီဗွာကျေးရွာရှိ ပြည်သူကိုးဦးအား စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့တိုင် ပြည်လည်လွတ်မြောက်လာခြင်းမရှိသေးပေ။