မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ၇၈လမ်း၊ ၈လမ်းနှင့် ၉လမ်းကြားရှိ နေအိမ်တစ်အိမ်စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုကြောင့် နေအိမ် ၂၀ခန့် မိးလောင်ပျက်စီးခဲ့ကြောင်း မီးဘေးသင့်ပြည်သူများကို ကူညီပေးခဲ့သူများထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၀ရက်၊ မနက် ၁၁နာရီ ၂၀မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းမဏီစလ လူမှုနာမှု ကူညီရေးအသင်း မန္တလေးမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” မီးလောင်တာကတော့ မနက် ၁၁နာရီ ၂၀မိနစ်လောက်ကနေ စပြီး လောင်တယ်။ ၄၅မိနစ်လောက်တော့ ကြာတယ်။ နေအိမ်ဆုံးရှုံးမှုကတော့ ၁၆လုံးကနေ ၂၀ ကြားလောက်တော့ ရှိပါတယ် “ ဟု ၎င်းက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအား နေ့လယ် ၁၂နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို မသိရသေးကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးခဲ့ရသည့် တန်းဖိုး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
” အခုလောလောဆယ်ကတော့ မီးဘေးသင့်ပြည်သူတွေကို သိမ်ကုန်းရပ်ကွက်မှာရှိတဲ့ အရိပ်မဲ့ဘုရားဝန်းထဲက မီးဘေးသင့် စခန်းတစ်ခုထဲမှာ ထားထားပါတယ်။ စုစုပေါင်း အိမ်ထောင်စုအရေအတွက်နဲ့ လူဦးရေကတော့ ဘယ်လောက်လဲဆိုတာ မသိသေးပါဘူး ” ဟု မီးဘေးသင့်ပြည်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၁၁ရက်ကလည်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈လမ်းနှင့် ၆၂လမ်းထောင့်၊ မင်္ဂလာလမ်းထောင့်ရှိ စိန်ကမ္ဘာချည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သိန်းတစ်ထောင်ကျော်ခန့် ဆုံးရှုံးခဲ့ရသေးသည်။