ဟုမ္မလင်းမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးဧရိယာအတွင်းမှ ရန်သူ့နယ်မြေများအတွင်းသို့ စက်သုံးဆီများတင်ပို့ရောင်းချမည်ဆိုပါက ဆီပီပါတစ်လုံးလျှင် ကျပ်တစ်သိန်းကို ဖြတ်သန်းခအနေဖြင့် ပေးဆောင်ရမည်ဟု ထုတ်ပြန်ပြောဆိုမှုအပေါ် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများက ဝေဖန်နေကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးမှုဧရိယာပြင်ပသို့ စက်သုံးဆီတင်ပို့ရောင်းချမှုဆိုင်ရာ ခွင့်ပြုချက်အား ကြေငြာချက်အမှတ် (၂/၂၀၂၄) ဖြင့် ဧပြီ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒါ တော်လှန်ရေးကိုဗန်းပြပြီး စီးပွားရေးလုပ်နေတာ” ဟု ဟုမ္မလင်းမြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မုံရွာမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် အခြားသောမြို့နယ်များမှ သယ်ဆောင်လာသော စက်သုံးဆီများကို ဟုမ္မလင်းမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးမှုနယ်မြေအတွင်း၌သာ သယ်ယူရောင်းချခွင့်ပြုခဲ့ရာမှ ရန်သူ့နယ်မြေအတွင်းကျန်ရှိနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ထောက်ရှုသောအားဖြင့် စက်သုံးဆီသယ်ယူရောင်းချရန် ဆန္ဒရှိပါက ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
သို့သော် ရန်သူ့နယ်မြေအတွင်းသို့ ဝင်ရောက်မည့် စက်သုံးဆီများအတွက် ဆီပီပါတစ်လုံးလျှင် ကျပ်တစ်သိန်းကို ဖြတ်သန်းခအနေဖြင့်ပေးဆောင်ရမည်ဖြစ်ပြီး မိမိတို့သဘောဆန္ဒအလျောက် ပေးဆောင်သည့် ဖြတ်သန်းခများကိုလည်း တော်လှန်ရေးအင်အားစုအတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကျွန်းလှရေနံမှော်၊ မုံရွာမြို့နယ်နှင့် အခြားဒေသအသီးသီးမှ စက်သုံးဆီများကိုသယ်ဆောင်၍ ဟုမ္မလင်းမြို့နယ်ရှိ ရွှေမှော်များသို့ အဓိကထားတင်ပို့ရောင်းချနေကြသည်။
စက်သုံးဆီများသယ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း စစ်တပ်ဂိတ်၊ ရှမ်းနီဂိတ်၊ PDF စသည့် ဂိတ်အများအပြားရှိပြီး အခွန်ငွေများလည်း အဆမတန်ပေးဆောင်ရကြောင်း စက်သုံးဆီတင်ပို့ရောင်းချသူများထံမှ သိရသည်။
“လမ်းတစ်လျှောက်လုံး ၅,၀၀၀၊ ၁၀,၀၀၀ ကတော့ ရွာတိုင်းဆောင်ရတယ်၊ ပင်လည်ဘူးနယ်ထဲက တချို့ဂိတ်မှာ ဆီတစ်ပီပါ ၁၀,၀၀၀ နှုန်းဆောင်ရတယ်၊ ဖောင်းပြင်ကိုဖြတ်ဖို့ကျ ၁၃ သိန်းလောက်ကုန်တယ်၊ ပုဂံတောင်မှာကျတော့ ကားတစ်စီး ဆီတစ်ဂါလံနှုန်းဆောင်ရတယ်၊ လက်ခုပ်ပင် PDF ဂိတ်ကျတော့ ပီပါတစ်လုံးတစ်သိန်းနှုန်းဆောင်ရတယ်၊ အခွန်ဆောင်ရတာနဲ့ကို တော်တော်ကုန်တယ်” ဟု ကျွန်းလှဘက်မှ ဟုမ္မလင်းမြို့နယ်တွင်းသို့ ဆီတင်ပို့ရောင်းချသော စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။
မုံရွာ၊ ကျွန်းလှ ရေနံမှော်များတွင် စက်သုံးဆီတစ်ပီပါလျှင် ကျပ်ခုနှစ်သိန်းဝန်းကျင်ဖြင့်ဝယ်ယူရပြီး ဟုမ္မလင်းမြို့နယ်ရှိ ရွှေမှော်များတွင် ပြန်လည်ရောင်းချပါက ကျပ် ၁၀ သိန်း၊ ၁၁ သိန်း၊ ၁၂ သိန်း ဝန်းကျင်ရရှိကာ တစ်ရက်နှင့် တစ်ရက် ဈေးအတက်အကျမငြိမ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“စက်သုံးဆီဝယ်ဈေးကများပြီး ဟိုမှာပြန်ရောင်းရတာက ဈေးကျနေတာ၊ ဈေးကမငြိမ်ဘူး။ ပေးရတဲ့ ဖြတ်သန်းခတွေနဲ့ ရောင်းရတဲ့ဈေးနဲ့က မကိုက်ဘူး” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုများအပြင် ပေးဆောင်ရသည့် ဂိတ်ကြေးများပြားနေခြင်းကြောင့် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ သိသိသာသာလျော့နည်းသွားကြောင်း သိရသည်။