ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာရွေ့ပြောင်းနေထိုင်သူများအား အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာရွေ့ပြောင်းနေထိုင်သူများထံမှ သိရသည်။
မဲဆောက်အလုပ်အကိုင်ရှာဖွေရေးဆိုသည့် Facebook Group တွင်လည်း အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာနိုင်ငံသားအများအပြားတွေ့နေရပြီး အမှန်တကယ်အလုပ်ရရှိသွားသူ နည်းပါးကာ လူလိမ်ပွဲစားများဖြင့်သာတိုးနေကြောင်း မဲဆောက်တွင်နေထိုင်ပြီး အလုပ်အကိုင်ရှာဖွေနေသူ တစ်ဦးက ဆိုသည်။
“မဲဆောက်ကိုရောက်နေတာကြာပြီ အလုပ်မရှိလို့ ဂရုထဲမှာ အလုပ်ဝင်ရှာရင်၊ အလုပ်ခေါ်ပါတယ်ဆိုတဲ့ ပို့စ်တွေတော့အများကြီးတွေ့ရတယ်၊ ဒါပေမဲ့ သွားပြီးဆက်သွယ်လိုက်ရင် စမတ်ခဘတ် ၇၀၀၀ ပေးရမယ်ဆိုပြီး အရင်တောင်းတယ်၊ အလုပ်ရမယ်ထင်ပြီး စမတ်ခပေးလိုက်တော့ ဟိုလိုဒီလိုလုပ်ပြီး ဆက်သွယ်လို့မရတော့ဘူး။ အဲ့ဒီလိုဖြစ်နေတာကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး၊ ဂရုထဲကို ဝင်ကြည့်ရင်သိပါလိမ့်မယ်။ တော်တော်များတယ်” ဟု မဲဆောက်မြို့တွင်အလုပ်ရှာဖွေနေသည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ထို့အတူ ရေသန့်စက်ရုံတွင် အလုပ်ရရှိမည်ဟုဆိုကာ စက်ရုံပုံနှင့်တကွပြသပြီး စမတ်ကြေးလိမ်လည်ခံရသည့် အမျိုးသမီးတစ်ဦးကလည်း “ရေသန့်စက်ရုံမှာ အလုပ်ရမယ် နေ့စားခ ၃၅၆ ဘတ်၊ အိုတီရှိမယ်၊ ရက်မှန်ကြေးရမယ်ဆိုပြီး စက်ရုံပုံနဲ့တကွတင်ပြီးတော့ လူခေါ်တော့ ယုံကြည်ပြီးတော့ သွားမေးတဲ့အခါမှာ စမတ်ကြေး ၆၀၀၀ ရှိတယ်ပြောတယ်၊ အဲ့ဒါနဲ့ တကယ်အလုပ်ရမှာသေချာရင်ပေးမယ်ဆိုတော့ သေချာတယ်လို့ ပြောတာနဲ့ ၆၀၀၀ ပေးလိုက်ပြီးနောက်ပိုင်း ဟိုရက်ချိန်း၊ ဒီရက်ချိန်းနဲ့ နောက်ပိုင်းဆက်သွယ်လို့ကိုမရတော့ဘူး” ဟု ဆိုသည်။
မဲဆောက်မြို့တွင် အလုပ်အကိုင်ရရှိသွားသူများအနေဖြင့်လည်း လုပ်ခလစာလျော့နည်းခြင်း၊ လုပ်ခလစာ မရရှိခြင်းများရှိနေကြောင်း ပန်းရံလုပ်ကိုင်နေသည့် ကိုဖက်တီးကဆိုသည်။
“ကျတော်တို့လူငယ်တွေအတွက် အလုပ်အကိုင်က ရှာရခက်တယ်၊ ဘာသာစကားအခက်အခဲကြောင့်လဲပါတယ်၊ ကျတော်တို့ပန်းရံလုပ်နေတဲ့အဖွဲ့ထဲမှာဆိုရင်လည်း စကောလားရှစ်နဲ့ US သွားဖို့စောင့်နေတဲ့ကလေးနှစ်ယောက်ရှိတယ်၊ ကျတော်တောင် မြန်မာအချင်းချင်းစပ်ပြီး ထည့်ပေးလို့အခုပန်းရံ အလုပ်ကိုရတာ၊ ဒါပေမဲ့လစာကနည်းတယ် နေ့စား ၃၀၀ လောက်ပဲရတယ်၊ နေတာစားတာနဲ့ဆိုရင် ဘယ်လောက်မှ မကျန်ဘူး။ တချို့အလုပ်တွေဆိုရင်လည်းပိုက်ဆံမမှန်တာများတယ်။ကျတော်တောင် ၂ လပိုင်းကတည်းက လစာ အခုချိန်ထိ မရသေးဘူး” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့ပြင် စစ်မှုမထမ်းမနေရဥပဒေထွက်ပေါ်ပြီးနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံရှိလူငယ်အများစုသည် ထိုင်းနိုင်ငံမဲဆောက်မြို့သို့လာရောက်ကာ အလုပ်အကိုင်ရှာဖွေနေကြစဉ် အလုပ်အကိုင်ရရှိမည်ဟုဆိုပြီး ပွဲစားများထံတွင် လိမ်လည်ခံနေရခြင်းဖြစ်သည်။