စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိရဲစခန်းကို အောက်တိုဘာ၉ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မြောင်ဒေသခံကာကွယ်ရေးအဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် စစ်ကားများကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဖက်မှ ၅၀ခန့်ကျဆုံးခဲ့ကြောင်း သိရသည်။
“ သူတို့ဖက်က ၅၀လောက်ကျပါတယ်။ကျနော်တို့ဖက်က ထိခိုက်တာမရှိပါဘူး ” ဟု ကာကွယ်ရေးတပ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲကို မြောင်မြိုနယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF – Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊ People Defense Force Yesagyo ၊ Chaung U People’s Defense Force ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG) နှင့် Monywa People Defence Force – MPDF စသည့် မဟာမိတ်အဖွဲ့(၁၀) ဖွဲ့တို့ကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲအစအတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက မြောင်မြို့နယ်ထဲမှ အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားသည့် ကျောက်ရစ်ကျေးရွာရှိရဲစခန်းကို RPG များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦးတွင် အကြမ်းဖက်စစ်ကောင်စီ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
ယင်းနောက် ကျောက်ရစ်ကျေးရွာရှိ ရဲစခန်းကိုတိုက်ခိုက်နေစဥ် အတွင်း ချောင်းဦးမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကူလာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကားတစ်စီးလျှင် လူ ၂၀ ခန့်ပါသည့် စစ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၃၅ ဦးခန့်သေဆုံးခဲ့သည်။
နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ကျောက်တန်းကျေးရွာမှ သီရိဇေယျာကျေးရွာဘက်၀င်ရောက်လာသည့် အင်အား၁၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ပရိမ္မကျေးရွာ-ကျောက်ရစ်ကျေးရွာ-မြောင်မြို့သို့သွားသည့် ကားလမ်းတွင် ဖြတ်သွားသည့် စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိမရှိကိုမူ မသိရှိရသေးကြောင်း မဟာမိတ်အဖွဲ့(၁၀) ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရဲစခန်းကို တိုက်ခိုက်ချိန်တွင် စစ်ကူအတွက် ချောင်းဦးမြို့နယ်မှရောက်ရှိလာသော စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး ပက်လက်လန်သွားခဲ့ခြင်းကြောင့် အများအပြားသေဆုံးခဲ့ရကြောင်း သိရသည်။ ကျောက်တန်းကျေးရွာမှ သီရိဇေယျာသို့ ဆင်းသောလမ်းတွင်လည်း စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အခြေအနေများကို မသိရသေးချေ။
ယနေ့တိုက်ပွဲဖြစ်စဥ်တွင် မြောင်မြို့နယ် သနပ်ကုန်းကျေးရွာရှိ ဗျူစောထီးခေါင်းဆောင်လုပ်နေသည့် ဦးစိန်ရွှေကို သုတ်သင်ခဲ့သည်။
အကြမ်းဖက်စစ်တပ် အထိုင်ချနေသည့် ကျောက်ရစ်ကျေးရွာရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လခန့်ရှိပြီဖြစ်ရာ လူမနေသည့် အိမ်များမှ ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူနေသည့် အဖွဲ့ရှိကြောင်း တိုင်ကြားထားရာ ယနေ့တွင်ယင်းအဖွဲ့မှ သူခိုး ၂ ဦးကိုဖမ်းဆီးရရှိပြီး စစ်ဆေးမှုများပြုလုပ်ကာ သုတ်သင်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင်လည်း ကျောက်ရစ်ကျေးရွာမှ စခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဖက်မှ နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သေးသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် ည၇နာရီမှ နံနက်၅နာရီအထိ ခရီးသွားလာခြင်း မပြုကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
စစ်ကိုင်းအတွင်းရှိ နေရာအများအပြားတွင် စစ်တပ်မှ ဝင်ရောက်ရှာဖွေခြင်း၊ မြို့နယ်အချို့တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
#မြောင်#ကျောက်ရစ်ရဲစခန်း#စကစ၅၀ခန့်ကျဆုံး#MPA