ကယားပြည်နယ်(ကရင်နီပြည်နယ်)အတွင်းရှိ နေရာနှစ်ခုတွင် အကြမ်းဖက်စစ်တပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များမှတိုက်ခိုက်ခဲ့မှုများကြောင့် အကြမ်းဖက်စစ်တပ်မှကိုးဦးကျဆုံးသွားခဲ့သည်။
စက်တင်ဘာလ၇ရက်နေ့နှင့်၈ရက်နေ့တွင် ဒီမောဆိုးမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တို့တွင် ကျူးကျော်လာသောအကြမ်းဖက်စစ်တပ်ကို ကရင်နီတပ်များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲနှစ်ခုတွင် အကြမ်းဖက်စစ်တပ်မှ ကိုးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ၇ရက်နေ့တွင် ဒီမောဆိုးမြို့နယ်စံပြ ၆ မိုင်နှင့် ၅ မိုင်ရွာကြားတွင် နေ့လယ် ၃ နာရီခန့်မှစတင်ကာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကရင်နီတပ်များ၏တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ လေးဦးကျဆုံးခဲ့သည်။
အကြမ်းဖက်စစ်တပ်သည်အဆိုပါတိုက်ပွဲတွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စံပြ ၅ မိုင်ကျေးရွာမှ နေအိမ် နှစ်လုံးပျက်စီးခဲ့ရပြီး စံပြ ၆ မိုင်မှနေအိမ်လေးလုံးမှာစစ်တပ်၏မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ပူချယ်ရွာအဝင်တွင် KNDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့က စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ငါးဦးကျဆုံးသွားသည်။
ကယားပြည်နယ်အတွင်းရှိတိုက်ပွဲများတွင် ကရင်နီအမျိုးသားတပ်မတော်(KNDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။
“ မနေ့ကတိုက်ပွဲမှာတော့ ကျွန်တော်တို့ဘက်က ထိခိုက်တာမရှိပါဘူး။ စစ်တပ်ဘက်ကပဲအထိအခိုက်အကျအဆုံးရှိခဲ့တာပါ” ဟုကရင်နီအမျိုးသားတပ်မတော်(KNDF) မှတာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ကရင်နီလူငယ်များအနေဖြင့် စစ်အာဏာရှင်စနစ်ကိုအဆုံးစွန်ထိတွန်းလှန်သွားရန် ရည်မှန်းတိုက်ခိုက်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီကိုတိုက်ခိုက်မှုများပြုလုပ်ရန် လက်နက်ခဲယမ်းများလိုအပ်ချက်ရှိနေသည်ဟုသိရသည်။
အမျိုးသားယာယီသမ္မတဖြစ်သူဒူဝါလရှီးက စက်တင်ဘာလ၇ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်သို့မိန့်ခွန်းပြောကြားပြီး အာဏာသိမ်းစစ်တပ်၏အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့်စစ် ကောင်စီ၏ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံအများအပြားမှာ အိုးအိမ်များကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့တိမ်းရှောင်ရလျက်ရှိသည်။
စစ်ဘေးရှောင်အများအပြားရှိလာသည့်အတွက် အရေအတွက် အတိအကျပြောနိုင်ရန်ခက်ခဲနေသည်ဟု KNDFမှတာဝန်ရှိသူကဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် တိုင်းဒေသကြီးများနှင့် ပြည်နယ်အများအပြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။ ဖြစ်ပွားသည့်တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်သည် လူသားဒိုင်းကာများအသုံးပြုခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ဘာသာရေးအဆောက်အအုံများတွင်တပ်စွဲခြင်း စသည့်စစ်ရာဇဝတ်မှုများကိုဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။
Photo-KNDF(စစ်တပ်၏လက်ချက်ကြောင့်ပျက်စီးသွားသောနေအိမ်အချို့ကိုတွေ့ရစဉ်)