မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်သို့ ဈေးတက်၀ယ်သည့် PDF ရဲဘော်၂ဦး ပစ်ခတ်ခံရပြီး ၁ဦး ကျဆုံးသွားကြောင်း သိရသည်။
ယနေ့ (မတ်လ ၂၈ ရက်) နံနက် ၉ နာရီ ၀န်းကျင်၌ Kamma Underground PDF ( ကမ္မ တပ်ပေါင်းစု) မှ ရဲဘော် ၂ ဦးသည် ကမ္မမြို့ပေါ်သို့ ဈေးတက်၀ယ် စဉ်ကမ္မမြို့၊ အရှေ့ဘက် ဆင်ကျင်းကုန်း အနီး ၌ ရေလာလေး ပျူစောထီး ရွာမှ ကင်းပုန်းများနှင့် တွေ့၍ ပစ်ခတ်ခံခဲ့ရပြီး ရဲဘော် ၁ဦး ကျဆုံး ၍ ၁ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ရဲဘော် နှစ်ယောက်က လည်း လမ်းရှင်းတယ် ထင်ပြီး သွားလိုက်တာ။ကျနော်တို့ လမ်းကြောင်း ထောက်တဲ့ အချိန်မှာတော့ တကယ်မရှိဘူး။ ခဏနေတော့ ကားတစ်စီးနဲ့ အဲနား ချသွားတာနဲ့ တိုးသွားတာပါ။ ရဲဘော်တွေက မြင်ပြီး ပြန်အဆုတ် အပစ်ခံလိုက်ရတာပါ” ဟု Kamma Underground PDF ( ကမ္မတပ်ပေါင်းစု ) တာ၀န်ခံ ရဲဘော်ကိုလုံး ကပြောသည်။
သေဆုံးခဲ့သော ရဲဘော်မှာ ရဲဘော် ပေကြီး(၂၄နှစ်) ဖြစ်ပြီး ယနေ့ ည ၇ နာရီ အချိန်ထိ ၎င်း ရဲဘော်၏ အလောင်း အား ပြန် မရသေးပေ။
“ ရဲဘော် ပေကြီး အလောင်းကို တော့ ခုထိ ပြန် မရသေးပါဘူး။ သူနဲ့ အတူ ပစ္စတို တစ်လက်လည်း ပါသွားခဲ့ပါတယ်။ ဒဏ်ရာ ရတဲ့ ရဲဘော်ကတော့ နောက်က လူ မှန်ပြီးမှ တစ်ဆင့် မှန်တာဆိုတော့ မစိုး ရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။
ဒဏ်ရာ ရ ရဲဘော်မှာ ပျူစောထီး တို့ ကြားမှ ထွက်ပြေး လာနိုင်ခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှု ခံယူ နေ ကြောင်း သိရသည်။
“ ခု ကျသွားတဲ့ရဲဘော် ပေကြီး ဆိုတာ အရင်ကတည်းက ထောက်ပို့မှာ အားကိုး ရတဲ့ ရဲဘော် တယောက်ရယ်။ ခုကျ အဖွဲ့ထဲ ထိပါ ထဲထဲ ၀င်၀င် လုပ်နေတဲ့ ရဲဘော် တယောက်ပါ “ ဟု ကမ္မ တပ်ပေါင်းစု မှ ရဲဘော် တစ်ဦးက ပြောသည်။
ကမ္မ မြို့အနီး ရှိ ရေလာလေး ပျူစောထီး ရွာနှင့် ညောင်ဂျစ်ပင် ပျူစောထီး ရွာ တို့တွင် ပျူစောထီး အင်အား ၅၀ နီးပါး ရှိကြောင်း သိရသည်။
“ ဒီ ၂ ရွာ အလိုက အရင်က လည်း သိပ် အပြင် မထွက်ပါဘူး။ဒီလမ်းတွေ သွားလာလို့ ရတယ် ။အ ခုက ရိက္ခာ ပို့ စစ်ကြောင်းနဲ့မို့ အင်အား တွေ အဲနားမှာ များနေတာ ” ဟု ၎င်းက ဆက်လက် ပြော သည်။
လက်ရှိ အချိန်၌ စစ်တပ် ရိက္ခာပို့ စစ်ကြောင်းမှာ ကမ္မမြို့၏ အနောက်ဘက် ဂျိုးပျံ ကျေးရွာ အနီး၌ပင် ရှိ သေးကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဂျိုးပျံ ကျေးရွာကို မီးရှို့ ခဲ့ရာ အိမ်ခြေ ၅၀ ထက် မနည်း မီးလောင်ခဲ့ ကြောင်း သိရသည်။