စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပါတီပိုင်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ကျားသစ်နက်တပ်မတော်(Black Leopard Army)သို့ ကားတစ်စီးလှူဒါန်းခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ပုလဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အလုပ်အမှုဆောင်တစ်ဦး၏ ဆက်သွယ်လှူဒါန်းမှုကြောင့် ကျားသစ်နက်တပ်မတော်အနေဖြင့် ပုလဲမြို့၊ USDP ရုံးအထိ မတ်လ ၆ ရက်တွင် သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကျားသစ်နက်တပ်မတော်၊ တာဝန်ခံဗိုလ်ဥက္ကာက MPA ကိုပြောသည်။
“ တော်လှန်ရေးအတွက် လိုရာအသုံးပြုနိုင်ဖို့လို့ပြောပါတယ်ခင်ဗျာ။ မနေ့က ညနေ ၃ နာရီလောက်မှာ ပုလဲမြို့ ကြံ့ခိုင်ရေးရုံးအထိ သွားယူခဲ့တာပါ။ အားလုံးပြင်ပြီး ၅နာရီထိုးလောက်မှာ အေးအေးဆေးဆေးပဲ ပြန်ထွက်လာနိုင်ခဲ့တယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
ယခုလိုလှူဒါန်းသည့် ပုလဲမြို့နယ်၊ ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်သည် ယခင်ကလည်း ကျားသစ်နက်တပ်မတော်သို့ ငွေကြေးနှင့်ထောက်ပို့ပစ္စည်းများ မကြာခဏလှူဒါန်းနေသူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ သူတို့ ဘာကြောင့်လှူဒါန်းလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒီနေ့တော့ အင်မထီးရွာထဲကို လေယာဥ်ဆင်းတယ်။ ဒီဘက်ထိုးနေတဲ့ စစ်ကြောင်းကို ပြန်တင်သွားပြီး ကနီဘက်ကိုချတယ်လို့ သိရတယ်။ ကနီကိုက PDF တွေသိမ်းလိုက်ပြီကိုး” ဟု ပုလဲမြို့နယ်တွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကားသွားယူသည့်အချိန်တွင် ရှေ့ကင်းထောက် ၃ ဆင့်ထား၍ စစ်ကောင်စီလာနိုင်သည့်လမ်းကြောင်းများကို မြို့တဝက်အထိပိတ်ကာ အထိအခိုက်မရှိ ယူဆောင်လာနိုင်ခဲ့ကြောင်း ဗိုလ်ဥက္ကာကဆိုသည်။
“ သူတို့(စကစ)က သုံးယောက်လောက်ထွက်လာသေးတယ်။ ဒါပေမယ့် ရှေ့အထိ တိုးမလာဘူး။ ပြန်ဆုတ်သွားတယ်” ဟု ၎င်းကထပ်လောင်းပြောသည်။
ကျားသစ်နက်တပ်မတော်(Black Leopard Army)သည် ယင်းမာပင်ခရိုင် တပ်ရင်း (၁၁)နှင့် ပခုက္ကူခရိုင် တပ်ရင်း (၁၅)တို့ကို ပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုဖြစ်ပြီး ပုလဲမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အဓိကစစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။