စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ၊ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် ပြည်သူ ၄ဦးသေဆုံးပြီး၊ PDF ရဲဘော် ၃ ဦးပျောက်ဆုံးနေကြောင်း Chaung U Revolution မှ ထုတ်ပြန်ထားသည်။
ယမန်နေ့(စက်တင်ဘာ ၂၆ရက်) နေ့လယ် ၁နာရီခန့်တွင် ချောင်းဦးမြို့နယ်ရှိ မင်းတည်ရွာ၊ မင်းခေါင်းရွာနှင့် မန်ကျီးခွ(တိုက်သုံးရွာ) အား စစ်ကောင်စီမှ Mi 35 ရဟတ်ယာဉ် ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဘာမြေပြင်တိုက်ပွဲမှ မရှိပါဘူး၊ မနေ့က နေ့လယ် ၁နာရီဝန်းကျင်လောက်မှာ မုံရွာဘက်မှာ ထိုးနေတဲ့ စစ်ကြောင်း ကနေ ပါလာတာပေါ့၊ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခံခဲ့ရတယ်” လို့ Chaung U Revolution မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် Mi 35 ရဟတ်ယာဉ်ဖြင့် မိနစ် ၃၀ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်၊ Mi 17 အမျိုးအစားလေယာဉ်ဖြင့် ၃ ကြိမ်လာရောက်ခဲ့ပြီး စစ်တပ် အင်အား ၇၀ ၀န်းကျင်ခန့် ချသွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စစ်အင်အားချနေစဉ် ခုခံတိုက်ခိုက်ပေးခဲ့သည့် ချောင်းဦးမြို့နယ်၊ ပကဖ အမှတ် (၄) တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် (၂) ဦးနှင့် မုံရွာခရိုင်အမှတ် (၆) တပ်ရင်းမှ ရဲဘော် (၁) ဦးပျောက်ဆုံး လျှက်ရှိပြီး ယနေ့အထိ ဆက်သွယ်၍မရသေးကြောင်း Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချောင်းဦးမြို့နယ်အား စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်ခဲ့မှုနှင့် ဝေဟင်မှ စစ်တပ်များ ချကာ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည့်အတွက် ပြည်သူ ၁၀၀ ခန့်သည် ယနေ့အထိ ပိတ်မိနေကြောင်းလည်း သိရသည်။
ထို့ပြင် မြေပြင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား သုံးဦးအား သတ်ဖြတ်ကာ လမ်းမပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဲဒီရွာတွေမှာ အခုထိ တပ်စွဲထားတော့ ပြည်သူတွေကတော့ တော်တော်များ ပိတ်မိနေကြတယ်။ ဓားစာခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေပေါ့။ လက်ရှိ ကျွန်တော်တို့ သိရသလောက်တော့ လမ်းပေါ်မှာ ပစ်ခတ်သတ်ဖြတ်ထားတာ အသက်၂၀ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦး ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၇ ရက်) မနက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ချောင်းဦးမြို့နယ်ရှိ၊ မန်ကျီးခွကျေးရွာ အား မီးရှို့ဖျက်ဆီး နေမှုကြောင့်၊ ၎င်းကျေးရွာရှိ ဒေသခံပြည်သူ ၁၅၀၀ ခန့်သည် စစ်ဘေးရှောင် နေရကြောင်း သိရ သည်။