ပဲခူးရိုးမအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုမှာ ပြောက်ကျားစစ်သဘောသာရှိသေးကြောင်းသိရသည်။
ပဲခူးရိုးမထဲတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုဖြင့် PDF တပ်ရင်းများ ဖွဲ့စည်းထားပြီး တောင်ပိုင်းတိုင်းစစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ၏ကွပ်ကဲမှုအောက်၌ရှိသည်။
“ရိုးမကိုအခြေခံပြီး ပြောက်ကျားစစ်သဘောပဲရှိပါတယ်။စိုးမိုးနယ်မြေနဲ့စစ်ဆင်ရေးအခြေအနေတွေကတော့ အလျဥ်းသင့်ရင် ထုတ်ပြန်သွားပါမယ်ခင်ဗျ” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ မှ ဒုစစ်ဒေသခွဲမှူးရဲဘော် တင်ဦး ကပြောသည်။
ပဲခူးရိုးမ၊အနောက်ခြမ်းရှိ PDF တပ်ဖွဲ့များတွင် လက်နက်ခဲယမ်းလိုအပ်ချက်များရှိနေသေးသောကြောင့် ပြောက်ကျားစစ်အနေဖြင့်သာ တိုက်ခိုက်နေရသော်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူမပါဘဲ စစ်ကြောင်းမထိုးနိုင်ကြောင်း သာယာဝတီခရိုင် PDF ၃၈၀၂ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောသည်။
ထို့အပြင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမကို PDF များကစိုးမိုးထားနိုင်ကြောင်းလည်း သိရသည်။
စက်တင်ဘာ၉ရက်က မင်းလှမြို့နယ်၊ ခါချဥ်တောင်စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက စခန်းသိမ်းမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရန် ၃ကြိမ်မြောက်အဖြစ် စက်တင်ဘာ၁၆ရက်က ကြိုးစားခဲ့ရာ စစ်သား၈ဦးသေဆုံးကာ ပြန်လည်ဆုတ်ပြေးခဲ့ရကြောင်းသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ကသတင်းထုတ်ပြန်သည်။
“လက်ရှိကတော့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ပြောက်ကျားစစ်နဲ့ပဲတိုက်ခိုက်နေပါတယ်။ရင်ဆိုင်တိုက်ပွဲကတော့ ရံဖန်ရံခါတော့ တိုက်ခိုက်တာရှိပါတယ်။နယ်မြေစိုးမိုးမှုဆိုရင်တော့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူမပါရင် စစ်ကြောင်းမထိုးရဲတဲ့ အထိပါ။လက်ရှိအနေအထားမှာ ပြည်သူလူထု ထိခိုက်မှုနည်းအောင် ရိုးမထဲမှာပဲ တိုက်ပွဲဖော်ဆောင်နေပါတယ်။စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေတဲ့ ခါချဥ်တောင် အပါအဝင် မင်းလှအပိုင်က ရိုးမထဲကို စိုးမိုးထားပါတယ်”ဟု ရဲဘော်ကျော်ကြီး ကပြောသည်။
စက်တင်ဘာ ၁၆ ရက်နေ့ ကလည်း အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာရှိ တာဝါတိုင်စခန်းကုန်းကို သိမ်းပိုက်ရန်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဥ် ကန့်နီရွာနှင့်တာဝါတိုင်ရွာကြား၌ PDF များက တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ(၄)-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ကထုတ်ပြန်ထားသေးသည်။