တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိကျေးရွာနှင့် အနီးအနားကျေးရွာများကို စစ်ကောင်စီလေကြောင်းမှ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံလူငယ်နှစ်ဦးသေဆုံးပြီး တိုက်နယ်ဆေးရုံတစ်ရုံ ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ – DDMSC ထံမှ သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီက မေ ၈ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရသည့် ကနက်သီရိရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်များ အခြေစိုက်လှုပ်ရှားခြင်းလည်း မရှိကြောင်း DDMSC ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ ဘယ်ဗုံးအမျိုးအစားနဲ့ ဗုံးဘယ်လောက်သုံးသွားလဲဆိုတာမသိရပါဘူး။ စက်သေနတ်နဲ့လည်းပစ်တယ်၊ ဗုံးလည်းကြဲချတယ်။ အဲဒီနေ့မနက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲရှိခဲ့တဲ့ ပဲဒက်ရွာက အခုဗုံးကြဲခံရတဲ့ ကနက်သီရိရွာနဲ့ မိုင်သုံးဆယ်လောက်တောင်ဝေးပါတယ်” ဟု ၎င်းက MPA ကိုပြောသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာ ဘောလုံးကွင်းတွင် ဘောလုံးကစားနေသည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့နှစ်ဦးသေဆုံးခဲ့ပြီး ကနက်သီရိရွာအနီးရှိ ရငဲရွာတွင် ယာယီပိတ်ထားသည့် တိုက်နယ်ဆေးရုံတစ်ရုံလည်း ဗုံးထိမှန်မှုကြောင့် လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ ကနက်သီရိက ရွာကြီးပါ၊ အိမ်ခြေ ၁,၀၀၀ ဝန်းကျင် လူဦးရေ ၅,၀၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။ စစ်ရှောင်တဲ့သူလည်းရှိနိုင်ပေမဲ့ အများစုကတော့မရှောင်ကြပါဘူး။ ကနက်သီရိရွာနဲ့ ရငဲရွာကြား ကျွဲမင်းကုန်းဆိုတဲ့ရွာတစ်ရွာရှိပါတယ်။ အကွာအဝေးဆို ကနက်သီရိနဲ့ ရငဲက လေးမိုင်ကျော်လောက်ဝေးပါတယ်။ ဆေးရုံပိတ်ထားတာကတော့ ဝန်ထမ်းတွေ CDM လုပ်သွားကြလို့ထင်ပါတယ်” ဟု DDMSC ၏ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
ယခုကဲ့သို့ အရပ်သားပြည်သူများသာ နေထိုင်သည့် နေရာမျိုးကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ကောင်စီတပ်အနေဖြင့် ပုံမှန်ကျူးလွန်နေကျ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ – DDMSC က ထုတ်ပြန်ထားသည်။
” ကျွန်တော်တို့ ပဲဒက်စခန်းသိမ်းပြီးနောက်မှာပဲ စကစ ဘက်က ပစ်မှတ်နဲ့ ဘာမှမဆိုင်တဲ့ ရငဲကျေးရွာက တိုက်နယ်ဆေးရုံကို လေကြောင်းနဲ့ ဗုံးတစ်လုံးကြဲသွားတယ်။ ပြီးတော့ ကနက်ကျေးရွာက ဘောလုံးကွင်းကိုလည်း ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲသွားတယ်။ အဲ့တော့ ဘာမှမဆိုင်တဲ့ ဘောလုံးကန်နေတဲ့ ပြည်သူ နှစ်ဦး ထိခိုက်သေဆုံးသွားတယ်” ဟု ရဲဘော်ဂျူပီတာက ဆိုသည်။
ယခုနှစ်အစောပိုင်းမှစ၍ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲများအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် လုံခြုံစွာပုန်းခိုနိုင်စေရန်အတွက် ဗုံးခိုကျင်းများတူးထားကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၉ ရက်၊ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။