မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများအား မေ ၉ ရက်၊ နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်သားများက အကြောင်းမဲ့မီးရှို့ခဲ့ကြောင်း Wetlet Revolutionary Information မှတစ်ဆင့် သိရသည်။
အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ္တရာမြို့မှ ကားနှစ်စီးဖြင့်ထွက်လာပြီး ဥဒိန်ကျေးရွာကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ဥဒိန်ရွာထဲကို ရုတ်တရက်ဝင်လာတာ၊ ဘာထိတွေ့မှုမှ မရှိဘဲနဲ့ မီးရှို့နေတာ၊ ပြည်သူတွေတော့ တိမ်းချိန်ရလိုက်တယ်၊ ကိုယ်လွတ်ရုန်းရတာဆိုတော့ ပစ္စည်းတွေတော့ သယ်မလာနိုင်ဘူးပေါ့” ဟု ဗိုလ်မြေဩဇာက MPA ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဥဒိန်ကျေးရွာရှိ နေအိမ် ၃၅ လုံး၊ မြွေတဲအုပ်ရွာရှိ နေအိမ်လေးလုံး၊ မြွေကူတို့ဆိပ်ရွာရှိ နေအိမ်နှစ်လုံးနှင့် စာသင်ကျောင်းဆောင်တစ်လုံးနှင့် သစ်ပုတ်ပင်ရွှာအနောက်ဘက်ရှိ ပြည်သူများ၏တဲများ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Revolutionary Information မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဥဒိန်ရွာကိုမီးရှို့ပြီးတော့ မြွေတဲအုပ်၊ မြွေကူတို့ဆိပ်၊ သစ်ပုတ်ပင် ရွာတွေကို ရွာစဉ်ထိုးပြီး မီးရှို့တာဟု” ဟု ၎င်းကရှင်းပြသည်။
အဆိုပါ စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက်ရောက်လာကာ ကျေးရွာများအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ရွာစဉ်ပတ်မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီးဖြစ်ပြီး ထွက်ပြေးတိမ်းရှောငိကြသည့် ဒေသခံများမှာလည်း ကျေးရွာအသီးသီးသို့ပြန်လည်ဝင်ရောက်နေထိုင်ကြကြောင်းသိရသည်။