မန္တလေးတိုင်း ၊မတ္တရာမြို့အနီး တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၁၂ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။
တောင်တံငါရွာသည် မတ္တရာမြို့မြောက်ဘက် နှစ်မိုင်အကွာ၌ တည်ရှိပြီး ယနေ့(မေလ၁၀ရက်)နံနက် ငါးနာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ငါးနာရီ၄၅မိနစ်ခန့်၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေစဥ်အတွင်းမှာ ရန်သူဘက်က ကစဥ့်ကလျား ထွက်ပြေးကြတာတွေလည်းရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPAသို့ပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း Drone Jammer တစ်လက်နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းမိခဲ့ပြီး ဗိုလ်ကြီး ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ် ကော်စေ့သေနတ် ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။
“ တံတားမှာ ဘန်ကာဆောက်ပြီး စစ်ဆေးမှု၊ငွေကောက်ခံမှုတွေလုပ်တယ်” ဟု မတ္တရာမြို့နယ် ပကဖသတင်းတာဝန်ခံ ဘိုတောက်က ပြောသည်။
တောင်တံငါကျေးရွာတိုက်ပွဲတွင် MDY PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
တောင်တံငါကျေးရွာ အထိုင်စခန်းငယ်တွင် ပုံမှန်အားဖြင့် စစ်သား၃၀ ခန့်ရှိပြီး မတ္တရာမြို့မှ စဉ့်ကူးဘက်သို့ အထွက်၌တည်ရှိကာ မတ္တရာမြို့နှင့် ရေနံ့သာကျေးရွာကြား ပြည်သူများထံက အဓမ္မ ငွေကောက်ခံနေသော စခန်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။