ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)အနေဖြင့် ကျပ်သိန်း ၁,၀၀၀ ကျော် အကြွေးတင်ခဲ့ကြောင်း CDF (ကန်ပက်လက်)၏ တာဝန်ရှိသူများထံမှ သိရသည်။
လေးလကျော်ကြာ မြို့သိမ်းတိုက်ပွဲအတွင်း CDF (ကန်ပက်လက်)အနေဖြင့် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ်များစွာရှိခဲ့ပြီး စစ်အသုံးစရိတ် ကျပ်သိန်း ၁,၀၀၀ ခန့် အကြွေးတင်လျက်ရှိနေကြောင်း CDF (ကန်ပက်လက်) ၏တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ဆိုသည်။
“ အချိန်အကြာကြီးထိုးစစ်ဆင်ရတော့ အုပ်ချုပ်ထောက်ပံ့မှုမှာ အခက်အခဲဖြစ်လာလို့ ဒီလောက်ပမာဏအထိ ရှိသွားတာပါဗျ။ ကျည်နှင့်ရိက္ခာအားလုံးကို ဝယ်ယူပြီးတော့ပဲ အသုံးပြုနေရပါတယ်။ ကုန်စျေးနှုန်းမြင့်မားမှုတွေကြောင့် တော်တော်အခက်ခဲဖြစ်တယ်” ဟု ၎င်းက MPA ကို ပြောသည်။
ကျင်ဒွေးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကူအင်အားဖြည့်တင်းမှုအများအပြားပြုလုပ်ခဲ့သော်လည်း ချင်းညီနောင်မဟာမိတ်ပူးပေါင်တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီနှင့်ပျူစောထီးအင်အား (၅၀၀)ခန့်ကို လိုက်လံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
“ နေ့တိုင်းဆိုသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း နေတိုင်းပါပဲ၊ ဆက်ရှိနေဆဲပါ။ ရန်သူစကစဘက်က ကျဆုံး၊ ဒဏ်ရာရတွေလည်း တော်တော်များပါတယ်” ဟု ဆလိုင်းထွန်းလိန်းထန်းက ဆက်လက်ပြောသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုနှင့် တိုက်ပွဲအခြေအနေများကြောင့် ဒေသခံတစ်သောင်းနီးပါး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ ကန်ပက်လက်မြို့ပေါ်စစ်ရှောင်တွေကတော့ အရင်ကတည်းက ယောနယ်တွေဘက်ရှောင်ကြတာများတယ်။ ကျင်ဒွေးတိုက်ပွဲကြောင့်က မြို့အနီးအနားက (၁၅) ရွာလောက် ရှောင်နေကြရတယ်နော။ အဓိကခက်ခဲတာကတော့ စားနပ်ရိက္ခာ။ မိုးရာသီလည်းရောက်တော့မှာဆိုတော့ ချင်းတောင်မှာလမ်းခရီးက ကောင်းတော့မှာမဟုတ်ဘူး။ ပြီးတော့ အမိုးအကာနဲ့ဆေးဝါးတွေလည်း လိုအပ်တယ်” ဟု ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးကရှင်းပြသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ လေးလကျော်ကာလအတွင်း အကူအညီပေးခဲ့ကြသော ထောက်ပို့အဖွဲ့များအား ကျေးဇူးတင်ကြောင်းနှင့် ကုန်ကျခဲ့သောစစ်အသုံးစရိတ်များ ပြန်လည်ဖြည့်တင်းနိုင်ရေး ဆက်လက်အကူအညီပေးကြပါရန် CDF (ကန်ပက်လက်)က တောင်းဆိုထားသည်။
ကျင်ဒွေးမြို့ကို CDF (ကန်ပက်လက်)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ် ၇ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ်ပြောင်းလဲကာ ရက္ခိုင့်တပ်တော်(AA)၏ စစ်ရေးဦးဆောင်မှုဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၉ ရက်တွင် ကျင်ဒွေးမြို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။