မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာအုပ်စုရှိ ဆုံကျေးရွာ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃၀ ကျော် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၉ ရက်၊ မနက် ၅ နာရီခန့်တွင် ဆုံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အထိုင်ချထားသော ကျေးရွာကို အင်အား ၂၀၀ ခန့် ပါရှိသည့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ဆုံရွာက ပျူရွာအကြီးစား၊ စစ်ကောင်စီက ဆုံရွာကို စံပြရွာအဖြစ် သက်မှတ်ပေးထားပြီး လက်နက်တပ်ဆင်ပေးထားတယ်။ မြင်းခြံက ပျူစောထီး သီတာယုမွန်နဲ့ စစ်ကောင်စီဘက်က ဗိုလ်တွေက ဆုံရွာ ဥက္ကဌကို MA2 တစ်လက်၊ MA3 တစ်လက် ပေးထားတယ်။ လက်နက်ကတော့ မရခဲ့ဘူးဗျာ၊ လက်နက်တွေကောက်ပီးပြေးကြတယ်၊ သူတို့ပြေးရင်း ကျန်ခဲ့တဲ့ ကာဘိုင်ဘောက်တစ်ခုပဲရခဲ့တာ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ တာဝန်ရှိသူ ကိုနွေဦးက MPA သို့ ပြောသည်။
တိုက်ပွဲမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဆုံကျေးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် ဆီမီးခုံရေနက်ဆိပ်ကမ်းနှင့် ဆီမီးခုံရဲစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကူလာနိုင်ခြင်း မရှိတော့ဘဲ လက်နက်ကြီးများဖြင့်သာ ဆုံကျေးရွာသို့ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် MRTV ၊ မြဝတီရုပ်သံလိုင်းများနှင့် တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံကျေးရွာတိုက်ခိုက်ခံခဲ့ရပြီး ၃၄ ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၇၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
“ ကျတော်တို့ စစ်တိုက်ရတဲ့အချိန်မှာ သူတို့လို မလွတ်လပ်လို့ပါ၊ သူတို့ကတော့ တွေ့တဲ့လူ ပစ်မှာ၊ ကျတော်တို့ဘက်ကတော့ ခွဲခြားရတဲ့ အနေအထားရှိပါတယ်။ သူတို့စခန်းကို စီးနင်းတဲ့အချိန်မှာ ပျူငါးယောက်ကို မျက်မြင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ သူတို့က PDF ကို ပုံရိပ်ချတာပါ၊ Video File တွေထဲမှာလည်း သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ပေးပြီး ဆီမီးခုံဘက်က ပစ်လို့ မီးလောင်တဲ့အိမ်တွေကိုလည်း ပြန်ငြိမ်းပေးတဲ့အနေအထားထိ ရှိခဲ့ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၉ (MBT တပ်ဖွဲ့) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ထို့ပြင် ဆုံကျေးရွာမှ ပျူစောထီးများက PDF လာတိုက်၍ ထွက်ပြေးကြလျှင် ပြန်သတ်မည်ဟု ကျေးရွာသားများအား ချိန်းခြောက်ထားကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သော ဆုံကျေးရွာမှာ ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံခဲ့သည့် ကျေးရွာတစ်ခုဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီတပ်ကို ထောက်ခံအားပေးသည့် ကျေးရွာတစ်ခုလည်း ဖြစ်သည်။
“ ဆုံရွာက အရမ်းအန္တရာယ်ကြီးတယ်။ စစ်တပ်အမာခံ ပျူစောထီးအင်အား တောင့်တယ်။ အနီးအနားကရွာတွေကို ဝင်ပြီး ဓားပြတိုက်တယ်။ မုဒိမ်းကျင့်တယ်။ ဘေးနားက ရွာတွေကတော့ အရမ်းကို အမြင်မကြည်နေကြတဲ့ ရွာပါ” ဟု ဆုံကျေးရွာနှင့် နီးစပ်သည့် မြင်းခြံဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ပျူစောထီးကျေးရွာကို မြင်းခြံခရိုင် တပ်ရင်း ၉ (MBT တပ်ဖွဲ့)၊ မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၁ (နောင်ရိုး ပြောက်ကြားတပ်ဖွဲ့၊ Bright Star Group (LPDF)၊ Myingyin District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Drone 2)၊ CDSOM၊ မန္တလေးခရိုင် တပ်ရင်း ၅နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ မြင်းခြံမှာဆိုရင် တလုပ်၊ ဆီးမီခုံ၊ လေးအိမ်တန်းဘက်တွေမှာ အခြေအနေဆိုးတယ်။ မကြာခင် မြို့ပေါ်ထိ စစ်က ရောက်လာတော့မှာ” ဟု မြင်းခြံမြို့နယ်မှ ကုန်သည်တစ်ဦးက ဆိုသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၀ ရက်တွင်လည်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူစောထီးအင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကြည်ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၅ ဦးသေဆုံးပြီး၊ ၅ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။