ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် ၂၀၂၄ခုနှစ်၊ ဧပြီ ၉ရက်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀လုံးပျက်စီးကာ ဓာတ်တိုင်များလဲကျမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များသည် တန့်ယန်းမြို့ရှိ ရပ်ကွက် ၂၊ ရပ်ကွက် ၅နှင့် ရပ်ကွက် ၆တို့မှ ဖြစ်သည်။
“ ပျက်စီးသွားတဲ့အိမ်က ၁၀ဂဏန်းရှိနိုင်တယ်။ ရပ်ကွက် သုံးခုမှာ လေပြင်းတိုက်သွားတာဆိုတော့လေ၊ အသေးစိတ် တော့ မသိရသေးဘူး။ ပြီးတော့ အိမ်နီးနားက တစ်အိမ်လည်း ခေါင်မိုးလန်သွားတာတွေ့တယ်” တန့်ယန်းမြို့ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၁ရက်ကလည်း တန့်ယန်းမြို့တွင် ၁၅မိနစ်ခန့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀လုံး ပျက်စီးခဲ့ သေးသည်။
“မိုးက ခနပဲရွာတယ်။ ပြီးတော့ လေပြင်းက ရုတ်တရက်တိုက်သွားတော့ အခိုင်အမာ မဆောက်နိုင်သေးအိမ်တွေ ပျက်စီးသွားတယ်။ သစ်ပင်ကျိုးတယ်။ ဓာတ်တိုင်လဲသွားတယ်။ ပျက်စီးသွားတဲ့အိမ်တော့ အတိအကျမသိရ သေးဘူး ”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၄ခုနှစ်၊ မတ် ၃၁ရက်မှ မေ ၉ အထိ လေပြင်းတိုက်ခတ်မူကြောင့် နေအိမ် ၁၀၀နီးပါး ပျက်စီးခဲ့သည်။
ထိုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်မူကြောင့် သီပေါမြို့တွင် နေအိမ် ၂၀ခန့်၊ နမ္မတူမြို့တွင် နေအိမ် ၃၀ကျော်၊ ကွတ်ခိုင်မြို့-ပန့်ကူစစ်ရှောင်စခန်းရှိ နေအိမ် ၂၀ခန့်နှင့် တန့်ယန်းမြို့တွင် နေအိမ် ၂၀ခန့် နေအိမ်များပျက်စီးခဲ့ပြီး သစ်ပင်ကျိုးခြင်းနှင့် ဓာတ်တိုင်လဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း မေလမှ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ သို့မဟုတ် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ မိုးလေဝသဖြစ်စဉ်များကြောင့်လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။