သုံးနှစ်အတွင်း ရှမ်းပြည်နယ်၊ကလောခရိုင်အခြေစိုက် ဖယ်ခုံ PDF (PKPDF) တပ်ဖွဲ့ဝင် ရဲဘော် ၂၀ကျော် ကျဆုံးခဲ့ကြောင်းသိရသည်။
မေလ ကိုးရက်သည် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PKPF) တပ်ရင်း နှစ်၊ တပ်ခွဲ တစ် တည်ထောင်ခြင်း သုံးနှစ်ပြည့်ဖြစ်ပြီး ကျဆုံးရဲဘော်စာရင်းမှာ ဖယ်ခုံPDF စတင်တည်ထောင်ချိန်မှ ယနေ့(မေလ ၁၀ရက်)အထိ စာရင်းဖြစ်ကြောင်း ဖယ်ခုံPDFတပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သုံးနှစ်အတွင်း ကျတော်တို့ရဲဘော်တွေ တိုက်ပွဲပေါင်း ၅၀ ကျော်တိုက်လာခဲ့တယ်။တပ်ရင်းအနေနဲ့က ရဲဘော် ၂၀ကျော်ကျတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
မေလကိုးရက်တွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PKPF)တပ်ရင်း နှစ်၊တပ်ခွဲ တစ် တည်ထောင်ခြင်း သုံးနှစ်ပြည့်အဖြစ် မျက်နှာစုံညီ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ရဲဘော်သစ်များရော ရဲဘော်ဟောင်းများပါ တက်ရောက်ခဲ့ကြကြောင်း PKPDF တပ်ရင်းနှစ်၊တပ်ခွဲ တစ် ၏ ပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းက ပြောသည်။
“ ရဲဘော်ဟောင်း ရဲဘော်သစ် စုံညီစွာ တက်ရောက်ပေးခဲ့ပါတယ်။စစ်ရေးအတွေ့အကြုံတွေက အားလုံး အမှတ်ရစရာတွေပဲဆိုတော့ ကျတော်တို့ရဲဘော်တွေ တိုက်ပွဲတိုင်း အမှတ်ရစရာတွေပါပဲ။ကျတော်တို့ အဆုံးထိသွားမယ်” ဟု ၎င်းကပြောသည်။
ယခုအခါ လူနှင့်လက်နက်အင်အားတင်မက စစ်ရေးအတွေ့အကြုံလည်း များစွာတိုးတက်နေပြီဖြစ် ကြောင်း ကိုငြိမ်းကဆိုသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်တွင် မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးကို ဖယ်ခုံ PDF၊မိုးဗြဲPDFနှင့် မဟာမိတ်တပ်ပေါင်းစုများက စတင်ခဲ့ပြီး မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ မိုးဗြဲအခြေစိုက် ခမရ ၄၂၂တပ်ရင်းကလွဲ၍ မိုးဗြဲမြို့အား တော်လှန်ရေးတပ်များ လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖယ်ခုံ PDFသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)အပါအဝင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂တပ်ရင်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။