ထိုင်းနိုင်ငံအစိုးရက မြန်မာအမျိုးသား Education Visa (ပညာရေးဗီဇာ) လျောက်ထားမှုများအား ခေတ္တရပ်ဆိုင်းကြောင်း သတင်းများထွက်ပေါ်နေကြောင်း ဗီဇာလျောက်ထားပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိနေပြီး ED Visa လျောက်ထားမည့် မြန်မာအမျိုးသားများအား ဗီဇာ လျောက်ထားခွင့်ကို မေ ၁၀ ရက်မှ စတင်ကာ ရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်လာခြင်းကြောင့် ED Visa လျောက်ထားခြင်းကို ခေတ္တရပ်ဆိုင်းထားရကြောင်း ဗီဇာဝန်ဆောင်မှုပေးနေသည့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“သတင်းထွက်ပေါ်လာတာဟုတ်တယ်။ အမျိုးသားတွေကို ED Visa လျောက်ထားခွင့်ကန့်သတ်လိုက်တယ်ပေ့ါ၊ အဲ့ဒါကြောင့် ကျမတို့လဲခဏရပ်ထားတယ်။ မြန်မာဘက်ကနေ တစ်ခါတည်း Visa လျောက်သွားရင်တော့ ရ၊မရသေချာမသိရသေးပေမဲ့ ထိုင်းဘက်မှာ လုပ်တဲ့သူတွေကို ပိတ်လိုက်တာလို့သိရတယ်၊ အရမ်းကြီးသေသေချာချာတော့မသိရသေးဘူး” ဟု ၎င်းက MPA ကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လာသည်အထိ စောင့်ကြည့်ရန် လိုအပ်ကြောင်းကိုလည်း ဗီဇာဝန်ဆောင်မှုပေးနေသည့် ကျောင်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“ကျောင်းတွေဘက်ကိုတော့ ပိတ်လိုက်တယ်ဆိုပြီးပြောလာတယ်။ ထိုင်းလဝက ဘက်က တရားဝင်ဘယ်လိုထုတ်ပြန်မလဲဆိုတာကိုတော့ တနင်္လာနေ့လောက်အထိ စောင့်ကြည့်ဖို့လိုလိမ့်မယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ED Visa ပိတ်လိုက်ခြင်းသည် ED Visa လျောက်ထားပြီး တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေခြင်းကြောင့် ပိတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ချင်းမိုင်တက္ကသိုလ်တွင်အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။
“ပိတ်လိုက်တာတော့သိရတယ်။ အဓိကတော့ ED Visa လျောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတာကို စိစစ်ဖို့ပိတ်လိုက်တာလို့လဲ သိရတယ်။ တရားဝင်တော့ အကြောင်းကြားပြီး ထုတ်ပြန်လာတာတွေမတွေ့ရသေးဘူး” ဟု ၎င်းကဆိုသည်။
Ed visa ကို မြန်မာယောကျာ်းလေးများအတွက် မပေးတော့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အချို့သော သတ်မှတ်လူဦးရေပြည့်သွားသည့် ကျောင်းများ၊ ပညာရေးဝန်ကြီးနှင့် လဝက စည်းကမ်းချက်အချို့ကို ချိုးဖောက်မိသည့် ကျောင်းများ၊ ဗီဇာပေးနိုင်သည့် အချက်အလက်နှင့် မကိုက်ညီသည့် အချို့ကျောင်းသားများအား ထိုင်းလဝကအရာရှိများက ဗီဇာကိုငြင်းပယ်နိုင်ကြောင်း သိရသည်။
သို့သော် ယခုကိစ္စသည် ကျောင်းအားလုံးအတွက်မဟုတ်နိုင်ဘဲ အချို့မှာယာယီလက်မခံသေးခြင်း ဖြစ်နိုင်သောကြောင့် ရုံးဖွင့်ရက်တွင် ထွက်လာမည့်သတင်းအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဗီဇာဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ထားသည်။