၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၉ရွာမှ အိမ်ခြေ ၁၀၆၂ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၊ ပြည်သူ ၉ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ရွာများမှာ စံပြရွာ၊ တန်ဆောင်းရွာ ၊ ကိုင်းမြောက်ရွာ ၊ တောပုရွာ ၊ ဥဒယရွာ ၊ ဂင်ဂဲရွာ ၊ ရသာရွာ ၊ ဒါးကျွန်းရွာ ၊ ဆင်ချောင်းရွာ တို့ဖြစ်ကာ၊ တောပုရွာမှာ မီးလောင်ပြာကျမှု အများဆုံးဖြစ်ပြီး အနည်းဆုံး အိမ်ခြေ ၇၀၀ ခန့် အထိ မီးလောင်ပြာကျခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
“ တောပုက အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ရွာကြီးဗျ၊ ဧပြီလ ၈ရက်နေ့က အရှို့ခံရတာ၊ ဒုတိယအများဆုံးက ရသာရွာနဲ့ ကိုင်းမြောက်ရွာဗျ။ ရသာက ၁၂၆အိမ် ၊ ကိုင်းမြောက်က ၁၂၀ လောက်ထိ ပြာကျခဲ့တယ်” ဟု ယင်းတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးစဉ်တွင် ပြည်သူ ၉ဦးထိ သတ်ဖြတ်ခံခဲ့ရပြီး ရဟန်း တစ်ပါး ၊ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်ကြောင်း ၊ ယင်းအမျိုးသမီးမှာ ကိုင်းမကျေးရွာမှ ဒေါ်ညွှန့်ဆွေဆိုသူဖြစ်ကာ အနီးကပ်ပစ်သတ်ခဲ့ရခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့လ(ဧပြီ) ၈ရက်နေ့က မနက်အစောကြီး ဖက်ရင်းရွာကို သူတို့ ( စစ်သား ) တွေက ရုတ်တရက် ပစ်ဝင်တော့ ရွာသားတွေက ကြောက်လန့်ပြီး ဝုန်းရင်းဆန်ခတ် ထွက်ပြေးကြတာ။ အဲဒီမှာ သားအဖ၂ဦးက ရသာရွာဖက်ကို ပြေးတာမှာ စစ်ကြောင်းက အိမ်စီးကားနဲ့ လိုက်ပစ်တာ။ အဲဒီကနေ ရသာရွာကိုဆက်ဝင်ပြီး ပြည်သူတစ်ဦးကို ထပ်ပြီး ပစ်သတ်တာ” ဟု ရသာရွာမှ သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြင်းခြံမြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိချိန်ထိ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး ၊ မီးရှို့ဖျက်ဆီးမှုများအနက် ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ အဆိုးဝါးဆုံးဖြစ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဧပြီလထဲမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ သူတို့ (စစ်ကောင်စီတပ် ) နဲ့ ထိတွေ့မှုတွေ တောက်လျှောက်ဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း တော်တော်အထိနာတဲ့အတွက် ရွာတွေဘက်ကို ပြန်ပြီး မီးရှို့တယ်။ ပြည်သူတွေကိုသတ်တာတွေ လုပ်တယ်လို့ ကောက်ချက်ချလို့ရတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မတ်လကလည်း စစ်ကောင်စီတပ်သည် မြင်းခြံမြို့နယ်တွင် နေအိမ် ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၉ဦးအား သတ်ဖြတ်ခဲ့သေးသည်။ ယင်းပြည်သူ ၉ဦး အနက် အမျိုးသမီး တစ်ဦးသည် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း ခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။