မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ငွေတောင်းရမ်းနေသော စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force က ထုတ်ပြန်သည်။
မတ်လ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ်၊တောပုကျေးရွာထိပ်တွင် လမ်းသွားလမ်းလာများကို ပိုက်ဆံတောင်းနေသော စစ်သား ၁၀ ဦးအား ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ဆေးရေးဂိတ်မဟုတ်ဘူး။ တစ်ခါတလေမှ ထွက်စစ်တာ။သူတို့မထွက်ရဲဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲနေတာ။ မနေ့ကမှ ထွက်ပြီး ပိုက်ဆံတောင်းတာ။ ကျနော်တို့က ဒရုန်း ၄ စင်းနဲ့ ဗုံးသီး ၄ လုံးချတာ။ ဒရုန်းအသံကြားကတည်းက ခြံစည်းရိုးတွေ သစ်ပင်တွေနား ဝပ်နေကြတာ။ ပြန်ပစ်တာမျိုးတွေမရှိဘူး၊ညဘက်တော့ လက်နက်ကြီးနဲ့ ဟိုပစ် ဒီပစ် ပစ်သေးတယ်။ နယ်မြေခံပြောတာကတော့ ၄ ယောက်ထိတယ်လို့သိရတယ်”ဟု Unicorn Guerrilla Force၏တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း နယ်မြေခံများ၏ ပြောကြားချက်အရသိရှိရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး စစ်သားများဒဏ်ရာရရှိမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
မတ်လ ၉ ရက်နေ့တွင်လည်း တောပုရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားသည့် အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ကို Unicorn Guerrilla Force ကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။