စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က မြဝတီဘဏ်စောင့်စစ်သားများကို ဒေသတွင်း PDF ပူးပေါင်းတပ်က ဒုတိယအကြိမ်မြောက် လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၉ ရက်၊ ည ၇ နာရီခန့်က ရွှေဘိုမြို့၊ လမ်းမတော် လမ်းမပေါ်ရှိ မြဝတီဘဏ်ရှေ့ ဘန်ကာအတွင်းကင်းစောင့် နေသော စစ်သား ၇ ဦး ကို Who am i-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့က K.R.L လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Who am i ကထုတ်ပြန်သည်။
“မကြာသေးဘူး။ အရင်တစ်ခေါက်ကလည်း ဘဏ်စောင့်ခွေးတွေကို ဒီလိုညဦးပိုင်းပဲ လာပစ်သွားတာ။ ဒီနေ့မနက် ကြားရတဲ့သတင်းက စခ ၁ ကောင် သေတယ်ကြားတယ်။ အပစ်ခံရပြီးတော့ မြို့အဝင်အထွက် သေချာပိတ်စစ်တယ်လို့ ပြောကြတယ်။ PDF တွေကို မမိပါဘူး”ဟု ရွှေဘိုမြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရ စစ်သားများကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း Who am i ကဆိုသည်။
ဖေဖေါ်ဝါရီ ၁၈ ရက်နေ့၊ ည ၆ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့မရဲစခန်း မျှော်စင်ပေါ်ရှိ ကင်းစောင့်ရဲများကို Who am i-Army နှင့် Ranger Army ပူပေါင်းတပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြဝတီဘဏ်ရှေ့တိုက်ခိုက်မှုတွင် စစ်သားများက လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိ၊မရှိ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။
ရွှေဘိုမြို့သားကမူ “သေနတ်နဲ့ ပြန်ပစ်တဲ့အသံတွေ ကြားရတယ်။ ချက်ချင်းပြန်ပစ်နိုင်တာမဟုတ်ဘူး။ ပေါက်ကွဲသံကြားပြီး ခဏနေမှ သေနတ်သံထွက်လာတာ။ ကယောင်ကတမ်းနဲ့ ပြန်ပစ်တာ PDF တွေ လုံးဝမထိဘူး”ဟု ပြောသည်။
ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ ည ၇ နာရီခန့်ကလည်း ယင်းမြဝတီဘဏ်စောင့်စစ်သားများကို ပူးပေါင်းတပ်ဖွဲ့က လက်ပစ်မိုင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သေးပြီး စစ်သား ၁ ဦးသေဆုံးကြောင်း Who am i ကဆိုသည်။
စစ်သားများသေဆုံးဒဏ်ရာရရှိမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။