ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာကို စစ်ရှောင်အချင်းချင်း ချေးယူစားသောက်နေရကြောင်း စစ်ရှောင်စခန်း၏ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာအပြင် အရေးပေါ်လိုအပ်ချက်များစွာရှိနေပြီး အလှူရှင်ချိတ်ဆက်နိုင်မှုအားနည်းသည့်အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အလှူရှင်လာရောက်မှုနည်းပါးသဖြင့် လတ်တလော ချေးငှား၍သာ ဝမ်းရေးအတွက်ဖြေရှင်းနေရကြောင်း ၎င်းကရှင်းပြသည်။
“ဆန်၊ ဆီကဝယ်လို့တော့ရတယ်၊ ဝင်ငွေမရှိတော့မဝယ်နိုင်ကြဘူး၊ နိုင်ငံခြားမှာသားသမီးရှိတဲ့အနည်းစုတော့ အဆင်ပြေကြတာပေါ့” ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးက MPA ကိုပြောသည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်၊ စားသုံးဆီ ၅၀ သားလျှင် ၇,၅၀၀ ကျပ်ခန့်ရှိနေပြီး အခြား အခြေခံစားသောက်ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းများမြင့်တက်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ဆိုကြသည်။
“လောလောဆယ်တော့ ပြေလည်တဲ့သူတွေဆီက ဆန်တွေ၊ ဆီတွေ ချေးပြီး စားသောက်ဖို့ ဖြေရှင်းနေရတယ်၊ အလှူရှင်တွေလာလှူမှပြန်ဆပ် အဲ့ဒီလိုပေါ့၊ အများစုကတော့ ရိက္ခာကြွေးတင်နေကြပြီ” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါစစ်ရှောင်စခန်းများတွင်နေထိုင်သူအချို့မှာ တပိုင်တနိုင်ဈေးရောင်းကြသည့်အလုပ်ကိုလုပ်ကိုင်နေကြပြီး အများစုမှာ အလုပ်လက်မဲ့များသာဖြစ်ကြသည်။
လက်ရှိတွင် လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်(Civil Health and Development Network)၊ အမျိုးသမီးများအတွက် အမျိုးသမီးများ (Women for Women)၊ The Coordination Team for Emergency Relief_Karenni စသည့်အဖွဲ့အစည်းများမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေပြီး နေ့စဉ်စားဝတ်နေရေးအတွက် လောက်ငှမှုမရှိကြောင်း သိရသည်။
ဖရူဆိုအနောက်ခြမ်းတွင် စစ်ရှောင်စခန်း ၁၀ ခုကျော်ရှိပြီး အားလုံးမှာ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြသည်။