မကွေးတိုင်း၊ ပခုက္ကူနယ်၊ ကမ္မမြို့အနီးရှိ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခြင်းခံရသော PDFစခန်းတွင်း၌ ကျပ်သိန်း၈၀၀ကျော် ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ယနေ့(မေရှစ်ရက်)နံနက် ငါးနာရီခွဲခန့်တွင် ကမ္မမြို့နယ်၊ကံသစ်ရွာအနီးရှိ Black Cobra Force အဖွဲ့ ၏ စခန်းတစ်ခုကို စစ်တပ်က လက်နက်ကြီး၊ငယ်များ ပစ်ခတ်၍ အလစ်ဝင်ရောက်စီးနင်းခဲ့ရာ Black Cobra Force ရဲဘော်တစ်ဦး ပျောက်ဆုံးနေကာ စခန်း၌ ကျည် ၁၅၀၀ ကျော်နှင့် လက်လုပ် သေနတ် ငါးလက်လည်း ကျန်ရစ်ခဲ့ကြောင်း နယ်မြေခံ PDF ရဲဘော်အချို့ထံက သိရသည်။
“ ညက ကန်တော်ကို ပခုက္ကူ တပ်မ ၁၀၁ ကနေ ကား နှစ်စီး ရောက်တယ်။ရိက္ခာကား ထင်ထားတာ။ အင်အား ပါလာတယ်။ အဲအင်အားက ကျတော်တို့ စခန်းကို လာစီးတာပါ” ဟု Black Cobra Force တပ်ဖွဲ့ တာ၀န်ခံ ရဲဘော်ဒေါက်တာက MPA သို့ပြောသည်။
ကန်တော်ရွာသို့ ရောက်ရှိလာသော စစ်သားများနှင့်မြို့ခင်းသာနှင့် ညောင်ဂျစ်ပင် ပျူစောထီး ရွာတို့က ပျူစောထီးတို့ပါဝင်သည့် စုစုပေါင်းအင်အား ၇၀ကျော်က စခန်းဝင်စီးခြင်းဖြစ်သည်။
“ စခန်းနဲ့ ကံသစ်ရွာနဲ့က သိပ်မဝေးဘူး။ သူတို့က စခန်းနဲ့ ရွာ တစ်ခါတည်း တွဲ၀င်ဝောာ့ ပြည်သူတွေလည်း အကုန် ပြေးချိန်မရလိုက်ဘူး။ ၃၀ကျော်လောက် အဖမ်းခံထားရတယ်။ ခု မနက် ၁၁ နာရီ မထိုးခင်အချိန်ထိ ပြန်မလွတ်သေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်သားများသည် ကံသစ်ရွာ အလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့၌ တပ်စွဲထားကာ ပြည်သူ ၃၀ကျော်ကို ရွာအရှေ့ပိုင်း၌ ဖမ်းထားကြောင်း ဒရုန်းမှ တစ်ဆင့် မြင်ရသည်ဟု ဒေသခံ ရဲဘော်တစ်ဦးထံက သိရသည်။
“ ရွာပတ်ပတ်လည်လည်း ကင်းယူထားတယ်။ ရွာမြောက်ပိုင်းမှာလည်း ဒရုန်းကနေ အလောင်း နှစ်လောင်းတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
Black Cobra Force သည် ဒေသတွင်း LPDF တပ်ဖွဲ့ဖြစ်ပြီး ကမ္မတပ်ပေါင်းစုအဖွဲ့ဝင်လည်း ဖြစ်သည်။
ကန်တော်ရွာနှင့် ကံသစ်ရွာမှာ လေးမိုင်ကျော်သာ ဝေးကြောင်း သိရသည်။