ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်တစ်စင်းကို ကရင်နီပူးပေါင်းတပ်များက မေ ၆ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများထံမှသိရသည်။
“ ရဟတ်ယာဉ်ပစ်ခတ်ခံရတာဟုတ်ပါတယ်။ အဲဒီရဟတ်ယာဉ်က သူအပစ်ခံရပြီးတဲ့နောက်မှာ ဘောလခဲဗျူဟာကို ပြန်သွားတာ၊ ဗျူဟာမရောက်ဘဲ လမ်းမှာပျက်ကျသွားတယ်လို့ကြားတယ်” ဟု ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ်က အတည်ပြုပြောသည်။
စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချခဲ့မှုနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးကလည်း “ ဖားဆောင်းမြို့နယ်မှာ ဒီနေ့၊ နေ့လယ် ၁၁ နာရီလောက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ထပ်မံအတည်ပြုပြောသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ပစ်ချခံခဲ့ရသည့် ရဟတ်ယာဥ်သည် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြစ်နိုင်ကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူမှသုံးသပ်ထားပြီး အခြေအနေအသေးစိတ်ကိုစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။
“ ရဟတ်ယာဥ်ပစ်ချတာကဟုတ်တယ်၊ အကြမ်းဖျဥ်းကတော့သိထားတယ်၊ confirmed လဲလုပ်ထားတယ်” ဟု ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC)၏ တာဝန်ရှိသူတစ်ဦးကလည်း ထပ်ဆင့်အတည်ပြုထားသည်။
ကရင်နီပြည်တွင် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းကလည်း ရွာသစ်ကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ K8W အမျိုးအစားတိုက်လေယာဥ်ကို ကရင်နီတပ်ဖွဲ့များမှပစ်ချခဲ့သေးသည်။