စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ နယ်မြေ ၉၅ ရာခိုင်နှုန်းခန့်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ကြားကလအုပ်ချုပ်ရေးယန္တရား လည်ပတ်နေကြောင်း သိရသည်။
ပုလဲမြို့နယ်တွင် ကန်ဒေါင့်ရဲစခန်း၊ အင်မထီးပျူစောထီးကျေးရွာ၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာနှင့် ပုလဲမြို့ပေါ်၌သာ စစ်တပ် စိုးမိုးထားနိုင်ပြီး ကျန်နယ်မြေများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ပအဖ၊ ပကဖနှင့် ပလဖတို့ စိုးမိုးထားနိုင်ကာ ပြည်သူ့အုပ်ချုပ်ရေးကို အသက်သွင်းထားနိုင်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
” NUG ကစိုးမိုးတာပါဗျ။ PDFကလည်း MOD(NUGကာကွယ်ရေးဝန်ကြီးဌာန) အောက်ကအဖွဲ့အစည်းတခုပါပဲ။ PDFတခုတည်းတင် ဒီမှာတော်လှန်ရေးလုပ်နေတာမဟုတ်ပါဘူး။ ကဏ္ဍပေါင်းစုံ၊ ဌာနပေါင်းစုံပေါ့နော်။ အဝန်းအဝိုင်းအားလုံးက တော်လှန်ရေးလုပ်နေတာပါ။ မြေပြင်မှာဆို ပြည်သူ့အုပ်ချုပ်ရေးယန္တရားက အရင်ပေါ်ခဲ့တာပါ” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပုလဲမြို့နယ်အတွင်း၌ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဟန်ချီညီညီလုပ်ဆောင်နေနိုင်ပြီး ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ရပ်ကျေးအဆင့်မှ တိုက်နယ်၊ မြို့နယ်အထိ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကာ NUGကာကွယ်ရေးဝန်ကြီး ဌာနအောက်ရှိ PDFတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေကြောင်း၎င်းကပြောသည်။
“ စစ်တပ်စိုးမိုးထားတဲ့ ကန့်ဒေါင့်မှာကို ကျနော်တို့ NUG အုပ်ချုပ်ရေးယန္တရားရှိပါတယ်။ ပြည်သူအများစုကလည်း ကျနော်တို့ ပအဖ ယန္တရားအောက်မှာ နေထိုင်နေကြတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုလဲမြို့နယ်အတွင်းရှိ ရပ်ရွာများတွင် ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားပါက ရပ်ကျေးပကဖ၊ ပအဖနှင့် ပလဖတို့က လာရောက်ဖြေရှင်းပေးပြီး မြိုနယ်အဆင့် ဖြေရှင်းရမည့်ကိစ္စဖြစ်လျှင် မြို့နယ် တာဝန်ရှိသူများက လာရောက်ဖြေရှင်းကြောင်း ပုလဲမြို့နယ်နေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
” ပအဖရော ပကဖရော ပလဖရော သုံးပွင့်ဆိုင်လာရှင်းတာပေါ့။ ရှင်းမရမှ မြို့နယ်ကို လွှဲပေးတယ်။” ဟု ၎င်းကပြောသည်။
ပုလဲမြို့နယ်တွင် NUG အုပ်ချုပ်ရေးယန္တရားအားကောင်းလာခြင်းနှင့်အတူ လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် PDF တပ်ဖွဲ့များလည်း အားကောင်းလာကြောင်း MPAက စုံစမ်းသိရသည်။