ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကုန်းသာရွာအတွင်း သေမင်းတမန်စာသား ချိတ်ဆွဲထားသည့် အမည်မသိ လူငယ်လေးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
မေလငါးရက်၊ ည ၁၁ နာရီခန့်တွင် အမည်မသိ လူငယ်လေးဦး၏ ရုပ်အလောင်းများကို ကုန်းသာကျေးရွာအတွင်း၌ သုံးလောင်းနှင့် ရွာအပြင်၌ တစ်လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း (PPDF) ထံက သိရသည်။
“Light Truck ကားနဲ့ ည ၁၁ လောက်မှာ အလောင်းတွေကိုလာပြီးချသွားတာ။ ဘယ်သူတွေလဲဆို တာတော့ သူတို့လည်း မသိကြဘူး။သူတို့လည်း ကြောက်ကြတယ်လေ။မနေ့ကမှ သူတို့ရွာက ဒလန်အုပ်ကြီး(အုပ်ချုပ်ရေးမှူး)ကို အစ်ကိုတို့ ပစ်ထားတာ”ဟု PPDF ဆက်သွယ်ရေးနှင့်သတင်း ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
အလောင်းများ လာချသွားသည်ကို ယနေ့ (မေလ ၆ ရက်) နံနက်ကျမှသာ ရွာသားများ သိရှိကြခြင်း ဖြစ်ပြီး မည်သူက လာရောက်စွန့်ပစ်သွားသလဲဆိုသည်ကို မသိရှိကြပေ။
လူငယ် ၄ ဦးစလုံးမှာ အသက် ၂၀ နှင့် ၂၅ နှစ်ကြားအရွယ်များဖြစ်ပြီး ဆံပင်ပုံစံလည်း တူကြောင်း သိရသည်။
“ခန္ဓာမှာလည်း အပေါက် တစ်ပေါက်တွေ့ရတယ်။လည်ပင်းကို ပြတ်လုနီးပါး လှီးထားတာ” ဟု ၎င်း က ဆက်လက်ပြောသည်။
မေလ ငါးရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်တွင် ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာနေ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲငါးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်။
“အုပ်ကြီးကို သတ်လို့ စစ်ကြောရေးမှာ ဖမ်းမိတဲ့ PDF ကို သတ်ပြတာလားမသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့ (မေလခြောက်ရက်) နံနက် ၁၁ နာရီကျော်တွင် ရဲငါးဦးလုံခြုံရေးယူကာ ပေါင်းတည်မြို့နယ်၊ စေတနာ နာရေးကူညီမှုအသင်းကားနှင့် မှတ်တိုင်နာရေးကူညီမှုအသင်း ကားတို့ဖြင့် ရုပ်အလောင်းများကို ပေါင်းတည်မြို့သို့ သယ်ဆောင်သွားကြောင်းသိရသည်။
ကုန်းသာရွာ၌ တွေ့သော လူငယ်လေးဦး၏ ရုပ်အလောင်းများသည် PPDF ရဲဘော်များ မဟုတ်ကြောင်း သိရသည်။