တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းမှ ၁၈နှစ်အရွယ် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
ကျဆုံးရဲဘော်သည် ပူရိယက္ခညီနောင်စစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ဘုတ်ကြီးဖြစ်ပြီး မီးလောင်ချောင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဇန်နဝါရီလ ၁၆ရက်နေ့က ကျဆုံးတာပါ။သူကတိုက်ပွဲထဲကျတာမဟုတ်ဘူး။နောက်တန်းကို ခေါ်ပြီးဆေးကုသပေးနိုင်ခဲ့ပေမယ့် ၁၆ရက်နေ့ မနက် ၅နာရီမှာ ကျဆုံးသွားတယ်။တကယ်တော်တဲ့ လူငယ်လေးပါ။သူ့အဖေကိုယ်တိုင်က သူနဲ့အတူ တိုက်ပွဲဝင်နေတာ။ ကျဆုံးမှုအတွက် အရမ်းဝမ်းနည်းရပါတယ်” ဟု ၎င်းကပြောသည်။
ကျဆုံးရဲဘော် ဘုတ်ကြီးသည် မီးလောင်ချောင်းတိုက်ပွဲအတွင်း ကျည်နှစ်ချက်ထိခဲ့ပြီး ဝမ်းဗိုက်(ဆီးစပ်)အထက်ပိုင်းနားကို ကျည်ဖောက်ဝင်ဒဏ်ရာနှင့် လည်ပင်းကျည်ရှပ်ထိ ဒဏ်ရာတို့ရရှိကာ ဆေးကုသမှုခံယူနေရင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။
“ ရသလောက်တော့ ကြိုးစားခဲ့ပေမယ့် မကယ်တင်နိုင်ခဲ့ဘူးဗျာ။ကျည်ဖောက်ဝင်တော့ ကျောဘက်က ပွင့်သွားတာ။လည်ပင်းကျည်ရှပ်ထိဒဏ်ရာက မစိုးရိမ်ရပေမယ့် ကျည်ဖောက်ဝင်တဲ့ဒဏ်ရာက အရေးပေါ်အဆင့်ဖြစ်သွားတာပေါ့” ဟု ပူရိယက္ခညီနောင်စစ်ကြောင်း၏ ဆေးမှူးက ပြောသည်။
ရဲဘော် ဘုတ်ကြီးကိုဇန်နဝါရီ၁၈ရက်နေ့က မြေမြှပ်သဂြိုလ်ကာအမိန့်ပြန်တမ်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့က ပုလောအခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးနှင့် ဇန်နဝါရီလ ၁၅ရက်နေ့က ပုလော PDF တပ်ဖွဲ့ ဝင်ရဲဘော်တစ်ဦးတို့ကျဆုံးခဲ့သေးသောကြောင့် ယခုနှစ်၊ဇန်နဝါရီလအတွင်း ပုလောမြို့နယ်တွင် ကျဆုံးရဲဘော် ၃ဦးအထိရှိလာခဲ့ကြောင်းMPAက စုံစမ်းသိရသည်။