ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ အသားလုံးစက်ရုံတစ်ခုတွင် ဓာတ်လှေကားကြမ်းခင်းပွင့်ကျပြီး မြန်မာလုပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ စုံစမ်းသိရသည်။
ထိုင်းနိုင်ငံ၊ မဟာချိုင် ကေသုန်လုချင်း အသားလုံးစက်ရုံရှိ မြန်မာလုပ်သားနှစ်ဦးမှာ ဧပြီ ၂၄ ရက်က ဂျုံမှုန့်အိတ်များကို ဓာတ်လှေကားဖြင့် သုံးလွှာသို့တင်ပို့စဥ် ဓာတ်လှေကားကြမ်းခင်း ပွင့်ကျခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပွင့်ကျခဲ့ခြင်းကြောင့် မြန်မာလုပ်သားဖြစ်သည့် အသက် ၅၅ နှစ်အရွယ် ဦးသန်းနိုင်နှင့် အသက် ၂၆ နှစ်အရွယ် ရန်အောင်ဦးတို့မှာ သုံးလွှာမှ အောက်ဆုံးအထိ ဂျုံမှုန့်အိတ်များနှင့်အတူပြုတ်ကျခဲ့ပြီး ဦးသန်းနိုင်မှာ ဦးခေါင်းကွဲ၊ ခါးရိုး၊ နံရိုးကျိုးဒဏ်ရာများ ရန်အောင်ဦးမှာ ခါးရိုးကျိုး ဦးခေါင်းနောက်စေ့ကွဲ ဒဏ်ရာများရရှိခဲ့သဖြင့် မဟာချိုင် စမူဆာခွန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီ ၂၅ ရက်၊ နံနက် ၂ နာရီခန့်တွင် အသက် ၅၅ နှစ်အရွယ် ဦးသန်းနိုင်မှာ ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။
“ဖြစ်စဥ်ဖြစ်တော့ စက်ရုံက ဒဏ်ရာရရှိသူတွေကို ဆေးရုံပဲပို့ပေးတယ်၊ တခြားဘာမှ လုပ်မပေးဘူး၊ တာဝန်ယူမှု ဘာမှပြောမလာတဲ့အတွက် သေဆုံးသူရဲ့ သားဖြစ်သူက အမှုဖွင့်ချင်တယ်ဆိုပြီး အဖွဲ့ကို ဆက်သွယ်လာတယ်၊ အဲ့ဒီနောက် ကေသုန်ရဲစခန်းမှာ အမှုသွားဖွင့်ပြီး စက်ရုံကို ရဲတွေနဲ့အတူ သွားစစ်ဆေးတဲ့အခါမှာ စက်ရုံက အခင်းဖြစ်တဲ့နေရာကို ရှင်းလင်းပြီး ဓာတ်လှေကားကိုအသစ်ပြန်ပြင်ဖို့ ကြိုးစားနေတာကိုတွေ့ရတယ်” MHAC အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ထိုင်းရဲတပ်ဖွဲ့ကလည်း အဆိုပါအမှုမပြီးသမျှကာလပတ်လုံး အခင်းဖြစ်နေရာလား ပြုပြင်ဆောင်ရွက်ခြင်းများမပြုလုပ်ရန် ပြောဆိုထားပြီး သေဆုံးသူ၏ သားဖြစ်သူအနေဖြင့် အမှုကို အဆုံးစွန်အထိ သွားမည်ဆိုပါက အဖွဲ့အစည်းဘက်မှ အဆုံးစွန်အထိ ကူညီပေးသွားမည်ဖြစ်ကြောင်း MHAC အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သေဆုံးသူ၏ သားဖြစ်သူက “ စက်ရုံဘက်ကနေသူဌေးက ဒီလောက်ကောင်းတာကို ဘာလို့အမှုဖွင့်လဲဆိုပြီး ပြောကြတာရှိတယ်၊ ဒီလောက်ကောင်းတယ်ဆိုရင် စဖြစ်ကတည်းက ဘယ်လိုလုပ်ပေးမယ် ဆိုတာတွေပြောသင့်တယ်၊ အခုကတော့အမှုလဲဖွင့်ပြီးပြီဆိုတော့ တရားမျှတမှုရတဲ့အထိ အမှုကိုအဆုံးစွန်ထိ ရင်ဆိုင်သွားမယ်၊ MHAC ဘက်ကလည်း အကုန်လုံးပြီးတဲ့အထိ ကူညီပေးမယ်လို့ပြောတယ်” ဟု ဆိုသည်။
ဓာတ်လှေကားကကြမ်းခင်းပွင့်ကျရာမှ သေဆုံးသွားခဲ့သူ၏ သားဖြစ်သူမှာ MHAC ၏ အကူအညီဖြင့် မဟာချိုင် ကေသုန်ရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ပြီး သက်ဆိုင်ရာရဲစခန်းက အမှုအားစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။