မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုင်းဟုန်းကျေးရွာအနီးက NUG တပ်ရင်း ၁၂၂၂ ရှေ့တန်းနေရာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဇန်နဝါရီ ၂၀ရက်နေ့က ဗုံးကြဲချခဲ့ရာ စစ်ကြောင်းမှူး ကျဆုံးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ မိုင်းဟုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်း ၄ကြောင်း အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးသည့်အပြင် လေကြောင်းဖြင့် မိနစ် ၃၀ခန့် ပစ်ခတ်ခဲ့ကြောင်းသ်ိရသည်။
“ ဝေဟင်ကနေ ဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးသီး (၃၀)လုံးခန့် ကြဲချပြီး စက်လက်နက်များဖြင့်လည်း ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် လေယာဥ်ပေါ်က ဗုံးစံထိမှန်ပြီး စစ်ကြောင်းမှူး သေဆုံးခဲ့တယ်” ဟု
တပ်ရင်း ၁၂၂၂ က ထုတ်ပြန်ထားသည်။
မြေပြင်စစ်ကြောင်းထိုးလာခဲ့သော စစ်ကောင်စီ တပ်သားများကလည်း ၄၀ မမ၊ ၆၀ မမ ၊M9 နှင့်အတူ ငါးကြင်းမြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မီးစက်၊ ဒိုင်နမို၊ ဆိုင်ကယ်(၅)စီး၊ ရိက္ခာပစ္စည်းအမြောက်အမြား၊ ရဲဘော်များ၏ကျောပိုးအိတ်များနှင့် တခြားသော ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
“ လေယာဉ်နဲ့ လာပစ်တာတော့သိလိုက်တယ်၊ အခုအဲ့နားကရွာသားတွေလည်းထွက်ပြေးနေကြရတယ်၊ ဒီနေ့တော့ဘာသံမှမကြားတော့ဘူး” လို့ မိုင်းဟုန်းကျေးရွာအနီးနေ ဒေသခံတစ်ဦးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၂၂၂က စစ်ကြောင်းမှူးကျဆုံးခဲ့သည့်အပြင် ရဲဘော် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်သား ၃၀နီးပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။