ချင်းပြည်နယ်၊ မင်းတပ်မြို့က စွန်တောင်ရွာကို ဇန်နဝါရီ ၂၁ ရက်နေ့၊ ည ၁၀ နာရီ ဝန်းကျင်က စစ်တပ်က လေကြောင်းအသုံးပြု ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူအချို့ ထိမှန်ဒဏ်ရာရခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
“ စွန်တောင်ရွာအနီးက လူနေအိမ်တွေကို တိုက်ပွဲမရှိပဲ တိုက်လေယာဥ်နဲ့ ဗုံး နှစ်လုံးကြဲခဲ့တာ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးက ဆိုသည်။
ထိုသို့ ဗုံးနှစ်လုံး ကြဲခဲ့သောကြောင့် အဆောက်အဦးအချို့လည်း ပျက်စီးခဲ့သည့်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ဝမ္မသူးကျေးရွာကို ယနေ့ နံနက်ပိုင်းမှာလည်း မင်းတပ်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် (၅) ချက်ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။
ထိုသို့ စစ်တပ်က လေယာဥ်နှင့် ဗုံးကြဲချသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်မှုကြောင့် အနီးအနားရှိဒေသခံရွာသားများ ထွက်ပြေးနေရသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။