By MPA
လက်ရှိ မြန်မာနိုင်ငံအတွင်း ပေါက်ကွဲနေပြီဖြစ်သော Covid-19 ကပ်ရောဂါဆိုးကို အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပဲ ပြည်သူများ အနေဖြင့် ၎င်းတို့ကို ဆန့်ကျင်နိုင်ခြင်း မပြုစေရန် နိုင်ငံရေး ကစားပွဲတွင် အသုံးချနေပြီဟု ဆရာဝန်များ အသိုင်းအဝိုင်းက ဝေဖန်လိုက်သည်။
မထိန်းချုပ်နိုင်သည့် အဓိက အကြောင်းအရင်းတွင် ကုသရေး ကျန်းမာရေးဝန်ထမ်းနှင့် လုပ်အားပေး လူငယ်ထုများက ၎င်းတို့အာဏာသိမ်းမှု့ကို ကန့်ကွက်ခြင်းကြောင့် ဖြစ်ပြီး ပြည်သူအများ ခါးစည်းခံစားနေကြရကြောင်း Non CDM တိုက်နယ်ဆေးရုံအုပ် ဆရာဝန်တဦးက ပြောသည်။
“ လူတွေကို လုံလုံလောက်လောက် ကုသမှု မပေးနိုင်တာကို အခုချိန်ထိ အာဏာသိမ်းအဖွဲ့အစည်းက ဝန်မခံဘူး။ ကျနော်တို့ကိုတော့ အကြောင်းအမျိုးမျိုးပြ ပုဒ်မတပ်ပြီး အတင်းအကျပ် အလုပ်ပြန်ဝင်ခိုင်းတယ်။ ရှိတဲ့ အင်အားနဲ့ မနိုင်ဝန် ထမ်းပေးနေတာတောင် ကိုဗစ်အကြောင်းပြ ဆေးခန်းတွေ ပိတ်ခိုင်းနေတယ်။ ရာသီတုတ်ကွေးကလည်း လာနေချိန်။ လူထုကို အသေသတ်နေတာ” ဟု ၎င်းက ဆိုသည်။
၎င်းတို့အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကိုဗစ် ကူးစက်နိုင်ခြေ အခြေအနေကို သိသူများဖြစ်ပြီး မိမိကိုယ်မိမိ မကူးစက်ရန် နည်းလမ်းကို စောက့်ထိန်းနေပြီး တခြားသော ပြည်သုများ၊ ရာသီပေါ်တုတ်ကွေး၊ ကလေးများကျန်းမာရေးကို တက်နိုင်သည့်ဘက်က ဖြည့်ဆီးနေကြသူများကိုပင် ပိတ်ပင်မှု့ အမျိုးမျိုး ပြုလုပ်နေကြောင်း အထွေထွေ ရောဂါကု ဆရာဝန်တဦးကလည်း ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ယခင်က ကိုဗစ်ကာကွယ်ရေး၊ ကုသရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူများကို ၎င်းကို့အာဏာသိမ်းသည်ကို ဆန့်ကျင်သဖြင့် အများအပြား ဖမ်းဆီးသည့်အပြင် ရှောင်တိမ်းနေသူများကို ယခုလို အရေးကြီးသော ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန် ဖြေလျော့မပေးသဖြင့် ကူညီချင်သော်လည်း အခွင့်အလမ်း မရရှိဟု ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က ပရဟိတ လူငယ်တဦးက ပြောသည်။
“ ကျနော်တို့ဆို ကိုယ့်အသက်ပါ အန္တရာယ်များတာ သိပေမယ့် လုပ်ပေးခဲ့ကြတယ်။ အခု ကျနော်တို့ကို လိုက်ဖမ်းနေတယ်။ လူလုံးထွက်ပြလို့ မရဘူး။ သူတို့သာ ဖြေလျော့ပေးမယ်ဆို ကျနော်တို့မြို့ ကာကွယ်ရေး ကျနော်တို့ တာဝန်ယူနိုင်တယ်။ အဲ့ဒီလိုမလုပ်ပဲ လူတွေ ထိပ်လန့်အောင် လုပ်နေရုံကလွဲပြီး သူတို့ကိုယ်တိုင် ဘာမှအကာအကွယ် မပေးနိုင်ဘူး” ဟု ဆိုသည်။
ကိုဗစ်က မြန်မာပြည်တွင် တတိယလှိုင်း ပေါက်ကွဲနေသော်လည်း အမှန် ကူးစက်ခံရသူများကိုသာ ကုသပေးပြီး ထိစပ်ခဲ့သူများကို နေအိမ်တွင်သာ Lock Down ချ နေခိုင်းရုံကလွဲပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာန မစွမ်းဆောင်နိုင်ကြောင်း မွန်ပြည်နယ်ရှိ တိုက်နာ်ဆေးရုံအုပ် Non CDM ဆရာဝန် တဦးကလည်း ဝေဖန်လိုက်သည်။
ရပ်ကွက် ကျေးရွာအတွင်း သံသယရှိ လူနာများကို သီးခြားခွဲထားရန် နေရာမဖန်တီးနိုင်ခြင်း၊ ကူးစက်မှု့ ပြင်းထန်သူများမှလွဲပြီး နေအိမ်များတွင်သာ နေထိုင်စေပြီး ကုသပေးသည့် စနစ်ကို ပီပီပြင်ပြင် မစီမံနိုင်ခြင်းများ မြင်တွေ့နေရသည်ဟု သူက ပြောသည်။
“ ခပ်ရှင်းရှင်းပြောရရင် ပြည်သူတွေ အားလုံးကို အိမ်မှာပဲနေကြ မပြောရုံတမဲပဲ။ ကူးနေတာက ကူးနေတာမှန်ပေမယ့် သူတို့ဘာမှ မလုပ်ပေးနိုင်ဘူး။ စစ်တာတောင် အနံ့ပျောက်နေသူ အားလုံးကို မစစ်ပေးနိုင်ဘူး။ အသက်ရှုခက်နေသူတွေ အိမ်မှာနေခိုင်းတယ်။ အောက်ဆီဂျင်တောင် လုံလုံလောက်လောက် မဖန်တီးပေးနိုင်ဘူး။ Stay at Home လုပ်တယ်။ ကျောင်းတော့မပိတ်ဘူး။ သူတို့အာဏာ တည်မြဲဖို့ပဲ အာရုံစိုက်တယ်။ လူတွေကို ဘာမှမဖြည့်ဆီးပေးနိုင်ဘူး။ ပြည်သူကို CDM ဆရာဝန်တွေနဲ့ ရန်တိုက်တယ်။ သူတို့ကြောင့်လို့ လက်ညှိုးထိုးတယ်။ ကိုဗစ်ကာကွယ်ဆေး ဒီနေ့ရမယ်၊ ဟိုနေ့ရမယ်နဲ့။ သူတို့အသိုင်းအဝိုင်းကလွဲပြီး ဘယ်ပြည်သူ ရသေးလဲ” ဟု ဆိုသည်။
#Covid_19 #စစ်ကောင်စီ #နိုင်ငံရေး # MPA