ရခိုင်ဒေသတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခများ အဆမတန်မြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တိုက်ပွဲများမဖြစ်ပွားမီအချိန်က လေယာဉ်မှတ်တစ်စောင်လျှင် မြန်မာငွေကျပ်တစ်သိန်းကျော်ခန့်သာရှိခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် ငွေကျပ် ၁၀ သိန်းကျော်ထိ မြင့်တက်လာကြောင်း စစ်တွေဒေသခံတစ်ဦးက ဆိုသည်။
“ပြီးခဲ့တဲ့ အပတ်က ရန်ကုန်ကိုသွားတာ လေယာဉ်လက်မှတ်ခက ငါးသိန်းသုံးသောင်းထိပေးရတယ်။ အသွားအပြန်ဆို ၁၀ သိန်းကျော်ထိပေးရတာပေါ့။ ဒါပြန်ကျသွားတယ်ပြောလို့ရတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းကလောက်ကဆို အသွားတစ်ကြောင်းတင် ၁၀ သိန်းအထိပေးရတယ်။ အခု ငါးသိန်းသုံးသောင်းက ပုံမှန်ဈေးနှုန်းလို ဖြစ်သွားပြီ။ ကျလည်း မကျတော့ဘူး” ဟု ၎င်းက MPA ကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားချိန်မှစ၍ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံများအနေဖြင့် လေကြောင်းတစ်ခုတည်းကိုသာ အသုံးနေရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ ပြည်မသို့သွားရန်အတွက် လေကြောင်းတစ်ခုသာရှိသော်လည်း ရခိုင်လူငယ်များအနေဖြင့် ယင်းလမ်းကြောင်းကို အသုံးပြု၍ ရခိုင်ပြည်နယ်မှ ထွက်ခွာခွင့်များမရကြောင်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံလူငယ်တစ်ဦးက ဆက်လက်ပြောသည်။
“လူကြီးတွေ ကျန်းမာရေးကိစ္စနဲ့ ဆေးရုံဆေးခန်းသွားပြရမှာဆို လေယာဉ်နဲ့ သွားလို့ရတယ်။ လူငယ်တွေက သွားမယ်ဆိုရင် သွားလို့မရဘူး။ လူငယ်တွေကိုဆိုရင် အကြောင်းပြချက်အမျိုးမျိုးနဲ့ ထွက်ခွင့်မပေးဘူး။ တချို့ဆိုလည်း ဒီကနေ ထွက်ခွင့်ပေးလိုက်ပြီးတော့ ရန်ကုန်ရောက်မှ အဖမ်းခံရတာမျိုးတွေ ရှိတယ်။ အဲ့ဒါတွေကြောင့် လူငယ်တော်တော်များများက အပြင်ကိုလည်း မထွက်ကြတော့ဘူး။ ဒီမှာကလည်း အလုပ်အကိုင်အခွင့်အလမ်းက မရှိတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ လူငယ်တွေကလည်း အလုပ်လုပ်ရဖို့ ရခိုင်ကနေ ထွက်ချင်ကြတာ၊ ဒါပေမဲ့ စစ်တပ်က နည်းမျိုးစုံနဲ့ပိတ်ထားတော့ အကုန်ခက်ခဲကုန်တာ” ဟု ၎င်းက ရှင်းပြသည်။
စစ်တွေမြို့က အမျိုးသမီးတစ်ဦးကလည်း “ဈေးနှုန်းတွေက တက်လည်း တက်ပေါ့။ သွားစရာက ဒီလမ်းကြောင်းပဲ ရှိတော့တာ။ ကုန်းလမ်း၊ ရေလမ်းတွေကလည်း အကုန်ပိတ်ထားတော့ မှောင်ခိုလမ်းက သွားလို့ရတဲ့ နည်းလမ်းရှိတယ်။ အဲ့ဒါကလည်း စစ်တပ်ကသူတွေနဲ့ တချို့ပွဲစားတွေက ပေါင်းလုပ်စားကြတာ။ အဲ့ကသွားရင် ဆယ်သိန်းနဲ့ သိန်းနှစ်ဆယ်ကြားမှာ ရှိတယ်။ အဲဒါတောင် အန္တရာယ်ကင်းကင်းနဲ့ရောက်ဖို့က မသေချာဘူး။ ဒါတောင် လူပဲ၊ ပစ္စည်းတွေ မပါဘူး။ ဒီလမ်းကြောင်းက ကိုယ်တိုင်းပြည်ထဲတောင် ကြောက်ကြောက်လန့်လန့်သွားနေရတာလေ” ဟု လေကြောင်းလမ်းအပြင် အခြားမှောင်ခိုလမ်းဖြင့် သွားလာရသည့် အခြေအနေကို ရှင်းပြသည်။
လက်ရှိ ရခိုင်ဒေသတွင်းတိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏ ကောင်စီပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့ပေါ်အထိပင် တိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် ဒေသခံများမှာ ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသော မြို့များအပြင် ရန်ကုန်မြို့သို့ တိမ်းရှောင်နေရကြောင်း သိရသည်။