By MPA
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တောင်တွင်းဒေသ ပျားသုန်းကျေးရွာရှိနေအိမ်နှင့် ဆိုင်အချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဧပြီ ၂၁ ရက်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDPDF)မှသိရသည် ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၅၀ ကျော်သည် ကား ၄စီးဖြင့် ဧပြီ ၂၁ ရက်နေ့နေ့လယ် ၁နာရီခန့်က ကျော်ရွာကျေးရွာမှအပြန် ပျားသုန်းရွာအရှေ့ပိုင်းကားလမ်းဘေးရှိ စျေးဆိုင်နှင့် လူနေအိမ် (၅) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၂၀၀ ကျော်ခန့်ရှိကြောင်း TDPDF တပ်ဖွဲ့၀င်တစ်ဦးကပြောသည် ။
“ သက်သက်မဲ့၀င်ရှို့တာပါ ။ ကျနော်တို့ဒေသမှာမီးရှို့ဖျက်ဆီးခံရမှုတွေများနေတယ် ဒေသခံပြည်သူတွေလည်းစစ်ဘေးရှောင်ရင်း အကူအညီတွေလိုအပ်နေတယ်ဗျ ” ဟု TDPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပျားသုန်းရွာတွင် အိမ်ခြေ၂၀၀ ခန့်ရှိပြီး ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည် ။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မတ်လအတွင်းက ကျော်ရွာတွင် ပျူစောထီးသင်တန်းပေးခဲ့ပြီး ကလေးဝ – မင်းကင်းကားလမ်းဘေးရှိ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည် ။
ထို့ပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်းမကြာခဏတိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး မင်းကင်းနယ် တောင်တွင်းဒေသတွင် ကျေးရွာပေါင်း (၃၆) ရွာရှိပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ၀င်ရောက် ဖျက်ဆီးနေသဖြင့် စစ်ဘေးရှောင်ပြည်သူ (၇၀၀၀) ကျော်ခန့်ရှိနေကာ ၎င်းတို့အတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်း TDPDF မှတပ်ဖွဲ့၀င်တစ်ဦးကပြောသည်။