မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိုးရွာသွန်းမှု နောက်ကျသည့်အတွက် နှမ်းစိုက်ရာသီ ရောက်နေသော်လည်း မြေများခြောက်သွေ့ကာ နှမ်းစိုက်ပျိုးရန် အခက်အခဲတွေ့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“ မနှစ်ကဆို မေလထဲမှာ နှမ်းကျဲလို့ ပြီးသလောက်ဖြစ်နေပြီ ဒီနှစ်က မိုးကလည်း သိပ်မရွာတော့ နှမ်းက နဲနဲပဲ ကျဲရသေးတယ် ၊ တစ်ချို့တွေဆို လုံးဝ မကျဲရသေးဘူး” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်များက မိုးရွာသွန်းမှု ရှိခဲ့ကာ နှမ်းစိုက်ပျိုးနိုင်ရန် အခြေအနေရခဲ့သည့်အတွက် မေလထဲတွင် နှမ်းများစိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရွာသွန်းခဲ့သည့် မိုးလောက်သာ ရရှိခဲ့သည့်နေရာများကို နှမ်းခင်းများ စိုက်ပျိုးခဲ့ကြကြောင်း၊ တချို့နေရာများတွင် မိုးရေလုံလောက်စွာ မရရှိခဲ့သည့်အတွက် နှမ်းများ မကျဲနိုင်ခဲ့ဘဲ ရပ်ထားခဲ့ရကြောင်း သိရသည်။
မိုခါမုန်တိုင်းကြောင့် ရရှိခဲ့သည့် မိုးရေမှာလည်း မြေသားတွင် လုံလောက်သော အစိုဓာတ်မရရှိခဲ့သည့်အတွက် စိုက်ပျိုးခဲ့သည့် နှမ်းများမှာ မဖြစ်ထွန်းခဲ့ကြောင်း နှမ်းခင်များလည်း ဖျက်ကာ ပြန်ကျဲရမည် ဖြစ်ကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံက သိရသည်။
“ နှမ်းပင်တွေက အရွက်စိမ်းတွေကနေ အပြာလဲ့လဲ့ အရောင်ပြောင်းနေပြီ နောက်ထပ် ၁၅ရက်လောက်မှ မိုးမရွာရင် နှမ်းခင်တွေ ပျက်နိုင်တယ်” ဟု ဒေသခံတောင်သူ တစ်ဦးက ငြီးတွားပြောဆိုသည်။
ယခင်နှစ်နှင့် ယခုနှစ် နှမ်းပေါက်ဈေးသည် ၁တင်းလျှင် ၇သောင်း၅ထောင်ကျပ် မှ ၈သောင်း ကျပ်အတွင်း ဖြစ်နေကြောင်း ယခင်နှစ်က တောင်ယာတောမှ နှမ်းအထွက်နှုန်းသည် ၁ ဧကလျှင် ၄ တင်းမှ ၇တင်းကြား ထွက်ရှိခဲ့ကြောင်း၊ မြစ်စပ်နှုန်းတင်တောမြေမှ နှမ်း ၁ ဧက အထွက်နှုန်းမှာ ၁၀တင်းမှ တင်း ၂၀ကြား ရှိခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအတွက် နှမ်းစိုက်ပျိုးမှုသည် အဓိက စီးပွားရေးတစ်ခု ဖြစ်ပြီး နှမ်းခင်းများကို အချိန်မှီ မစိုက်ပျိုးနိုင်ပါက နှမ်းထွက်ချိန်တွင် စားသုံးဆီနှင့် ငွေကြေးအတွက် အခက်အခဲ ဖြစ်လာနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။