By MPA CJ 012
ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် နေအိမ်များအပါအဝင် အဆောက်အအုံများစွာ ပြိုပျက်ခဲ့ရကာ ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ၉၅ ရာခိုင်နှုန်းနှင့်အထက် ပျက်စီးခဲ့ရသည်။
ပြိုပျက်ခဲ့သည့်အထဲတွင် စာသင်ကျောင်းများလည်း ပါဝင်လျက်ရှိသည့်ကြားမှ ၂၀၂၃ ခုနှစ် စာသင်နှစ်တွင် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့် လာမည့် ဇွန်လ ၁ ရက်နေ့ ၌ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် စစ်ကောင်စီက စီစဉ်နေသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းများတွင် KG အတန်းမှ Grade -12 အထိ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။
“ကျောင်းကတော့ မအပ်နိုင်သေးဘူး။ ကျောင်းအပ်တာက ကုန်ကျစရိတ်ဘာမှ မရှိပဲ။ အကုန်အလကားဆိုပေမယ့်လည်း အခုက မုန်တိုင်းကြောင့် အိမ်မှာက အများကြီး ပျက်စီးထားတော့ ကလေးကျောင်းအပ်ဖို့အတွက်ကို မလုပ်နိုင်သေးဘူး။ နေထိုင်လို့ရအောင်က ဦးစားပေးလုပ်နေရတာဆိုတော့ ကျန်တာတော့ မလုပ်နိုင်သေးဘူး”ဟု ကျောက်တော်မြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောနှင့် ကျောက်တော်၊ ဘူးသီးတောင် အပါအဝင် မြောက်ဦး မြို့နယ်အတွင်းရှိ စာသင်ကျောင်း အဆောက်အအုံများ အများအပြားပျက်စီးခဲ့သော်လည်း အချို့ကျောင်းများအနေဖြင့် ခေါင်မိုးလန်သည့် အနေအထားသာ ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ကျောင်းတွေကတော့ ကျောင်းအပ်လက်ခံနေကြပြီဆိုတော့ တချို့တော်တော်များများလည်း သွားအပ်နေကြပါပြီ။ ရာနှုန်းပြည့်တော့ သွားအပ်တာမျိုးတော့ မဟုတ်သေးပေမယ့် အပ်နေကြပါတယ်။ ကျွန်မတို့လည်း ကလေးကို ကျောင်းတော့သွားအပ်ထားတယ်။ ကျောင်းကတော့ အမိုးလန်ထားတာတော့ ရှိသေးတာပေါ့။ ကျောင်းတွေတက်ရချိန်မှာတော့ အဲ့ဒါတွေက ပြင်ပြီးလောက်မှာပါ”ဟု ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးက MPA သို့ ပြောသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ရက်သတ္တပတ်ခန့်အကြာ စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံနေသော်လည်း ဒေသခံကျောင်းသားမိဘများအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက်သာ ပြုလုပ်နေကြရသည်။
“ကျောင်းတွေကတော့ စတင်လက်ခံနေပြီမို့လို့ အပ်တာတွေတော့ ရှိတယ်။ တချို့ကျောင်းတွေကတော့ မပြုပြင်ရသေးတော့ ကျောင်းအပ်တာတွေ လက်မခံဘူး။ တချို့ကျောင်းတွေကျပြန်တော့လည်း အဲ့ဒီအပျက်အစီးတွေကြားထဲကနေတော့ ကျောင်းအပ်လက်ခံကြတာတွေရှိတယ်။ ကလေးမိဘတွေကတော့ ကျောင်းသွားအပ်တာတွေ သိပ်မတွေ့ရသေးဘူး။ ဘာလို့ဆို အကုန်လုံးက ပြန်လည်ထူထောင်ဖို့အတွက် လုံးပန်းနေကြရတာဆိုတော့ ကျောင်းအပ်တာတွေကတော့မလုပ်နိုင်ကြသေးတာပေါ့”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်နေရသည့် အချိန်တွင် နေစရာမရှိသည့် ဒေသခံပြည်သူများနှင့် စားနပ်ရိက္ခာ အခက်ကြုံနေရသူများလည်း ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ရွာမှာတော့ ကျောင်းတွေ မအပ်နိုင်သေးပါဘူး။ ကျောင်းက အမိုးပဲလန်တာမဟုတ်ဘူး။ ကျောင်းဆောင်ပါ ပြိုကျထားတာ။ အဲ့ဒါကို nပြန်မပြင်ရသေးဘူးလေ။ တခြားရွာတွေနဲ့ မြို့ပေါ်တွေမှာတော့ ကျောင်းအပ်လက်ခံနေပြီတော့ ကြားတယ်။ ကျွန်တော်တို့ကတော့ အခုထိ မအပ်နိုင်သေးဘူး။ ဒီဘက်ကတော့ ကယ်ဆယ်ရေးတွေလည်း သိပ်မရောက်တော့ ကိုယ့်ဘာသာပဲ အဆင်ပြေအောင် လုပ်နေရတုန်းပဲလေ”ဟု ပီပင်ရင်းဒေသခံ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၃,၀၀၀ nbကျော်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသားများအား ယနေ့ မေလ ၂၆ ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
စာသင်ကျောင်းများတွင် ကျောင်းပြန်ဖွင့်မည့် ဇွန်လ ၁ ရက်နေ့သို့ ရောက်ရန် ရက်သတ္တပတ်ခန့်သာ လိုနေသော်လည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် ကျောင်းသားအများစုသည် လက်ရှိအထိ ကျောင်းအပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မတ္တရာအရှေ့ခြမ်းရှိ မူလတန်းကျောင်းနှင့် နေအိမ်အလုံး၂၀ကို စစ်တပ် မီးရှို့သွား
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူနေအိမ်အလုံး ၂၀ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်၊ငါးလုံးပြွန်ရွာအခြေစိုက် စစ်သား၁၀၀ခန့်၊တံငါရွာအခြေစိုက် စစ်သား ၅၀ခန့်နှင့် သဖန်းကိုင်းရွာအခြေစိုက် စစ်သား ၇၀ခန့်တို့သည် ယနေ့(မေ၄ရက်)နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့...