ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၆/အရှေ့ရပ်ကွက် အောင်သုခ ၂၃ လမ်းတွင် မေလ ၄ ရက်နေ့ ညနေ ငါးနာရီ ၃၈ မိနစ် အချိန်ခန့်က လူမနေသည့် အိမ်မှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့မှုကြောင့် လူနေအိမ် ၇ လုံး မီးလောင်ဆုံးရံှှုးခဲ့ပြီး အိမ်ထောင်စု ၁၆ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
စလောင်တဲ့အိမ်ကတော့ လမ်းထိပ်အိမ်ကနေ စရေတွက်မယ်ဆိုရင် သုံးအိမ်မြောက်ပေါ့။ မီးလောင်လို့ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ အိမ် လေး၊ ငါးလုံးလောက် မီးထဲပါသွားပြီ။ ထိခိုက်ဒဏ်ရာရတာကတော့ ကျနော်တို့ ပရဟိတအသင်းက လူငယ်တယောက်တော့ မီးခိုးမွှန်ပြီး အသက်ရှူကြပ်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ မစိုးရိမ်ရတော့ပါဘူး ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မီးလောင်မှု နောက်ဆက်တွဲအရ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသော အိမ်ထောင်စု ၁၆ စုကို အနီးအနားရှိ ဓမ္မာရုံတွင် နေရာထိုင်ခင်း ခတ္တစီစဉ်ပေးထားကြောင်း သိရသည်။ စတင်လောင်ကျွမ်းသည့် နေအိမ်သည် NLD ပါဝင်ဝင်တစ်ဦး၏ နေအိမ်ဖြစ်ပြီး အာဏာသိမ်းယူပြီးနောက် မကြာခင်လပိုင်းမှစကာ ယင်းနေအိမ်တွင် လူနေထိုင်မှု မရှိတော့ကြောင်း ဒေသခံများမှ စုံစမ်းသိရှိရသည်။
စလောင်တဲ့အိမ်ကတော့ NLD ပါတီဝင် အိမ်ကလို့ ကြားတယ်။ အဲ့ဒီအိမ်က လူမနေတာ ကြာပြီ၊ လောင်တာ အကိုတို့ ရှေ့လမ်းတင်ပေါ့။ ရပ်ကွက်က လူတချို့ ဓာတ်ပုံတွေ သွားရိုက်တော့ ရိုက်တဲ့လူတွေကို ပါးရိုက်တယ်လို့ ကြားတယ် ဘယ်သူရိုက်တာလဲတော့ မသိပါဘူး။ ဟု ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် မည်သည့်အခြေအနေမှ စတင်လောင်ကျွမ်းသနည်းဟု သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ MPA သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့လည်း မသိရှိသေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။ မီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ထားပြီး ညနေ ၅ နာရီ ၅၉ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။