စစ်အာဏာသိမ်းပြီးနောက် ရခိုင်တွင် ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုနည်းလားပါနေသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကျေးလက်ကျန်းမာရေးဌာနများအပြင် တိုက်နယ်ဆေးရုံများတွင်လည်း ကျန်းမာရေးဝန်ထမ်းများ လာရောက် တာဝန်ထမ်းဆောင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများသည် ကျန်းမာရေးစောင့်ရှောက်မှုများကို မရကြကြောင်း စုံစမ်းသိရှိရသည်။
ထို့ကြောင့် အနာရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာနေကြသည့်အပြင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးခြင်းများလည်း ဖြစ်ပေါ်နေကြသည်ဟု ဒေသခံများက အတည်ပြုပြောကြသည်။
” တိုက်နယ်ဆေးရုံဆောက်ပေးထားပြီး ဆရာဝန်မရှိဘူး။ အရေးပေါ်ဖြစ်လို့ စစ်တွေသို့ယူရင်း လမ်းမှာ ဆုံးသွားဖူးတာတွေလည်း ရှိပါတယ်။ ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရဘူးပေါ့” ဟု စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာသားတစ်ဦးက MPA သို့ ပြောသည်။
ထိုစစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ လေးနှစ်ကျော်ခန့်ကြာ မြင့်နေပြီဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောကြသည်။
ထိုအပြင် ရခိုင်ရှိ အခြားမြို့နယ် အားလုံးနီးပါးတွင်လည်း တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင်လည်း ဆရာဝန်များမရှိခြင်း၊ မလာရောက်ခြင်းများသာမကဘဲ ကျန်းမားရေးဝန်ထမ်းများ မရှိခြင်းအပြင် နေရာအများစုတွင် ကျေးလက်ကျန်းမာရေးဌာနများကို တရားဝင်ချပေးထားသော်လည်း အဆောက်အဦးနှင့် ဝန်ထမ်းများမရှိခြင်းများက ပိုများနေသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
” ကျမတို့ဆီမှာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦးတစ်ခုချပေးဖို့၊ ဝန်ထမ်းတွေ ချထားပေးဖို့ တောင်းဆိုဖူးတာကြပါပြီ။ အခုချိန်ထိ ဘာမှတော့ထူးမလာသေးပါဘူး။ ကလေးမမွေးနိုင်လို့ ဆေးရုံသို့သွားရင် လမ်းမှာဆုံးသွားတာတွေ ရှိပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့ နယ်၊ ဘဲငါးရာအုပ်စုနေ ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်သို့ ဆေးဝါးတင်သွင်းခြင်းများကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားခဲ့သည့်သာမက ကိုယ်တိုင်ဆေးဝါးဝယ်ယူသယ်ယူခဲ့သည့် စစ်ကောင်စီ၏ ဆရာဝန်အချို့ကိုပင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးအရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။
ထို့အပြင် တကျော့ပြန် ရခိုင်တိုက်ပွဲကာလအတွင်း ဆေးဝါးသယ်ယူခွင့်များအပြင် လမ်းပန်းဆက်သွယ်ရေးများကိုပါ ပိတ်ဆို့ကန့်သတ်ထားသဖြင့် အချိန်မီ ဆေးဝါးကုသခွင့်မရ၍ သေဆုံးသွားရသည့် ဒေသခံပြည်သူအများအပြားရှိခဲ့ကြောင်းလည်း မိသားစုဝင်များနှင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။