By MPA အမရာ ( ဆောင်းပါး )
အများက မဝေလို့ ခေါ်ကြသည့် သူ့နာမည် ဝေ ။ ပါးမို့ထက်တွင် မှဲ့ကလေးတစ်ပွင့်နှင့် နေလောင်ထားသည့် ညိုစိုစို အသားအရည် ပိုင်ရှင် မဝေသည် မျက်လုံးကလေးများပိတ်သွားသည်ထိ ရယ်ပြုံးပြတတ်သည်။ ပိန်သွယ် ကျစ်လျစ်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ပေါ့ပါးသွက်လက်နေသည့် သူက BPLA တပ်တော်တွင် စည်းကမ်းကြီးသည့် ရိက္ခာမှူးဟု နာမည်ကျော်ကြားသည်။
“ ကျွန်မက သူများတွေ အာရုံအရမ်းစိုက်ခံရတဲ့ ဘဝမျိုးမလိုချင်ဘူး ။အေးအေးကုပ်ကုပ်လေးပဲနေရတာကြိုက်တယ် “ ဟု ဆိုတတ်သူ မဝေမှာ ဟင်းချက်အင်မတန်တော်သည့် စားဖိုမှူးတစ်ဦး ဖြစ်ခဲ့သူ ဖြစ်သည်။
နယ်မြို့လေးတမြို့မှာ မွေးဖွားခဲ့သည့် မဝေသည် မိသားစုတွင် အကြီးဆုံးဖြစ်ပြီး ဖခင် အားအကိုးရဆုံးသမီးကြီးဖြစ်ခဲ့သည်။ မဝေဒုတိယနှစ်ကျောင်းသူဘဝ၊ မမြင်ရသောကြမ္မာဆိုးက သူ့ ဖခင်ကို အစာအိမ်ကင်ဆာဝေဒနာဖြင့် ပြန်လမ်းမဲ့ တမလွန်သို့ ဆွဲခေါ်သွားချိန်တွင် ဖခင်၏ အချစ်ရဆုံးသော မဝေမှာ မိသားစုတွင် လိမ်မာရေးခြားရှိပြီး စိတ်ဓာတ်ခိုင်မာတက်ကြွသူတစ်ဦးအဖြစ် မတ်မတ်ခိုင်ခဲ့သည်။ မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးခဲ့သည်သာမက သူ့ဘဝတိုးတက်ရေးကို လည်း တစိုက်မတ်မတ် သင်တန်းများတက်ရင်း သူ့ဘဝဝါသနာ Hotel life မှာ လည်း ထူးချွန်အောင်ကြိုးစားခဲ့သည်။
ဆိုဆုံးမမှုကို နာခံလွယ်သည့်အလေ့ကြောင့် သူအလုပ်ဝင်သည့် ရန်ကုန်မြို့ရှိ ထင်ရှားသည့် ဟိုတယ်ကြီးတခုတွင် ဆရာသမားများ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို တင်းပြည့်ကျပ်ပြည့်ရရှိခဲ့ပြီး ဟင်းချက်ပြိုင်ပွဲတွင်လည်း ဂုဏ်ယူဖွယ်ရာဆုတံဆိပ်များရရှိခဲ့သည်။
ထိုမှတစ်ဆင့် ဒူဘိုင်းနိုင်ငံရှိ ဟိုတယ်ကြီး တခုတွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး သူ့အသက်၂၈ အရွယ်တွင် နှလုံးသားကိုရောသွေးသားတစ်ခုလုံးပါ ခါရမ်းစေခဲ့သည့် အချစ်ဦးနှင့်တည့်တည့်ဆုံခဲ့သည်။
“ ကျွန်မ ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး စံနမူနာထားပြီး အားအကျရဆုံးက အဖေနဲ့ အမေပဲ “ ဟု ဆိုလာသည့် မဝေ။ အချစ်ဦးနှင့် ဘဝ၂ခုကို တစ်ခုတည်းအဖြစ် ရစ်ပစ်နှောင်ဖွဲ့ရန် ဆုံးဖြတ်ပြီး အမိမြေသို့ ခေတ္တပြန်လာချိန်သူ့ဘဝ၊သူ့အနာဂတ်ကို သူမမျှော်မှန်းထားမှုတစ်ခုဆီ ဂငယ်ကွေ့လိုက်သော တိုင်းပြည်အာဏာသိမ်းခံရမှု နှင့် ရင်ဆိုင်တိုးတော့သည်။
“ အဲဒီနေ့က ကျွန်မတို့မြို့မှာ ဒုတိယမြောက် အပစ်ခံရတဲ့နေ့ကပေါ့။ ကျည်ဆန်တွေက ကိုယ့်နားကဖြတ်ပျံသွားတာ။ အဲဒီအချိန် အကုန်လုံးရဲ့ မျက်နှာတွေက ကြောက်ရွံ့နေကြတာ။ ကျွန်မ မျက်စိရှေ့တင် လူတယောက်ထိသွားပြီး သွေးတွေရွှဲနစ်နေတာ၊ လူတွေလည်းအကုန်ယောက်ယက်ခတ်ပြီလေ “ ဟု မဝေက သူစတင်ဖြတ်သန်းခဲ့ ဖူးသည့် ပြည်သူသတ်သော အာဏာရှင်တို့၏ ကျည်ဆန်နှင့် သွေးပင်လယ်ဝေခဲ့သောနေ့ကို နောက်ကြောင်းပြန်ပြ သည်။
“ အရင်တုန်းက နိုင်ငံရေးဆိုတာဘာမှကို မသိခဲ့ဘူး။ နိုင်ငံရေးအသိက တော်တော့်ကို ကင်းကွာတာ။ ဒါပေမယ့် အဲ့လိုမြင်ကွင်းတွေ မြင်လိုက်ရတော့လေ တော်တော်စိတ်ဆင်းရဲခဲ့ရပြီးတော့ ဒီခွေးကောင်တွေကို လုပ်မှဖြစ်တော့မယ်ဆိုတဲ့ စိတ်က ဝင်သွားတာ ” ဟု ဒေါသသံစွက်နေသောလေသံပြင်းပြင်းဖြင့် သူက ပြောသည်။
အာဏာသိမ်းပြီးစအချိန်များသည် သူ့ပုဂ္ဂလိကဘဝအတွက်ရော တိုင်းပြည်အတွက်ပါ သူ့ဦးနှောက်ကို တစစ်စစ်ကိုက်ခဲနေသည့် စိန်ခေါ်သံများအပြည့်။ကြည့်လိုက်လျှင် ပျပျသာမြင်ရသည့် အနာဂတ်မပြောနှင့်၊သူ့ ဘ ဝမနက်ဖြန်အကြောင်း အတွေးတစ်စဝင်လာလျှင်ပင် အသိရောအရှိပါ ဗြောင်းဆန်ခဲ့ရသည်ချည်း။
“ အာဏာသိမ်းစအချိန်တွေက အတော်ခက်ခဲတယ်။ ချစ်သူကလည်း သူ့ကိုရွေးစေချင်တယ်။ အမေကတော့ သဘောပဲဆိုပေမယ့် သူ့ကိုပဲရွေးစေချင်တယ်။ ချစ်သူကိုလည်း မစွန့်လွှတ်နိုင်ဘူး ။ အမေ့ကိုလည်း မထားခဲ့နိုင်ဘူး။ နှစ်ခုထဲက တခုရွေးရမယ့် အချိန်မှာ ကျွန်မ ဘယ့်သူ့မှ မရွေးဘဲ ဒီထဲဝင်လာခဲ့တယ်” ဟု သူ့လေသံ သူ့ကိုယ်သူယုံကြည်စွာ။
နောက်ပြန်လှည့်ကြည့်စရာမလို၊ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးဆိုသည့် ယုံကြည်မှုဖြင့် အမိနိုင်ငံတော်အတွက် မြူမှုန်တစ်ပွင့်ဖြစ်ဖြစ်။စစ်အာဏာရှင်ကို ချေမှုန်းမြေလှန် တစ်ချိန် မှာ အောင်လံလွှင့်ထူခြင်းသည်သာ သူ့ဘဝ လတ်တလောအနာဂတ်အဖြစ် အသေအချာ။
“ ကျွန်မစဉ်းစားတာက အသက်၂၈ နှစ်အထိ မိဘကို လုပ်ကျွေးခဲ့ပြီးပြီ။ ကိုယ့်မိဘအတွက် မလိုတော့ဘူး။ ပြီးတော့ ရည်းစားလည်း ထားခဲ့ပြီးပြီဆိုတော့ ငါ့အတွက်လည်း မလိုတော့ဘူး ။ ဒါဆိုရင် ငါ နိုင်ငံအတွက် ဘာလုပ်ပေးခဲ့ဖူးလဲ ၊ဘာမှ မလုပ်ပေးခဲ့ဖူးဘူး။ လုပ်ရကောင်းမှန်းလည်း မသိခဲ့ဘူး။ ဒီတခါတော့ တကယ်လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာ “ ဟု မဝေသည်ထိုသို့ နီနီစွေးစွေး ဝေဝေဆာဆာ။
သူ့ယုံကြည်ချက်ကို လေးစားသောမိခင်ဖြစ်သူက မတားမြစ်ခဲ့ရုံတင်မက “ သွား ၊ငါ့သမီးလုပ်ချင်တာလုပ်။ ဒါပေမယ့် ကိုယ်ရွေးထားတဲ့လမ်းကို အဆုံးထိလျှောက် “ ဟုမိခင်ကိုယ်တိုင်ပင် သူ့အနာဂတ် ဖွင့်ကိုဖွင့်ရမည့် တံခါးတစ်ချပ်ကို တွန်းဖွင့်ပေးခဲ့သည်။
တကယ်တမ်း သွားမည်ပြင်သောအချိန်တွင် မောင်ငယ်ဖြစ်သူကပါ လိုက်မည်ဟု ဆိုလာသဖြင့် မောင်နှမနှစ်ယောက်အပြန်အလှန်မေးခွန်းထုတ်ကာ ခေါင်းရှုပ်ရပြန်သည်။
မောင်ဖြစ်သူက မိန်းကလေးဖြစ်သူအစ်မကို မိခင်နှင့်အတူနေပြီး မိခင်ကို စောင့်ရှောက်စေချင်သည်။ စိတ်ဓာတ်ပြတ်သားသော မဝေကလည်း မိန်းကလေးမို့ စိတ်မချသည့် မောင်ဖြစ်သူကို ပြတ်ပြတ်သားသားဆန့်ကျင်သည်။ နောက်ဆုံး မိခင်ဖြစ်သူက “ အမေ့ကို ဘာမှစိတ်မပူနဲ့ နှစ်ယောက်လုံးသွား။ အမေ မငတ်အောင်နေတတ်တယ်။ သန်သန်မာမာလည်း ရှိသေးတယ်။ မင်းတို့ ဆုံးဖြတ်ချက်အတိုင်းသာ လုပ် “ ဟူ၍ ယတိပြတ်ပြောလိုက်မှသာ မောင်နှမနှစ်ယောက် ပြသနာ ပြေလည်သွားခဲ့ရသည်။
မောင်နှမ နှစ်ယောက် အိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် တောတွင်းတနေရာတွင် ရက်တို သင်တန်းများတက်၊ မိုင်းဖောက်ခွဲရေးသင်တန်းတချို့ တက်ရောက်ခဲ့ပြီးချိန်တွင် တော့မဝေတစ်ယောက် အပြင်းဖျားတော့သည်။မဝေ သေလုမျောပါးဖျားနေချိန် အဖွဲ့သားရဲဘော်များက ရဲဘော်စိတ်ဖြင့် ရေအစ ထမင်းအဆုံး အားလုံးက ဖေးမကူညီခဲ့ကြရာ သူ့အတွက်အရေးကြီးသောခွန်အား၊ သွေးမတော် သားမစပ်ကြသော်လည်း သွေးတော်သားစပ်သည်ထက် ပိုနက်ရှိုင်းခဲ့ရာ ရဲဘော်စိတ် ကြောင့် ပီတိမျက်ရည်လည်ခဲ့ရသည်။
“ အရမ်းအားကိုးရပြီး ယုံလည်းယုံကြည်ရတယ်။ အချိန် ၂ နာရီခွဲလောက်ကြာတဲ့ခရီးကို မိုးတွင်းကြီး ကျွန်မကို တစ်ယောက်တလှည့် ထမ်းပိုးပြီး စခန်းကိုပြန်လာကြတာ “ ဟု သူ့ဘဝ တောတွင်းအစ မေ့မရ သော အတွေ့အကြုံကို ရှင်းပြခဲ့သည်။
ရက်တို့သင်တန်းအချို့တက်ရောက်ပြီးချိန်တွင် တချို့က ပြည်တွင်းပြန်ဝင်၊ မြို့ပြပြောက်ကျားအဖြစ် သန္ဓေတည်။ ဘုရင့်နောင်ဖောင်ဖျက်လာခဲ့သည့်မဝေကတော့ လက်နက်စွဲကိုင်တော်လှန်ရန်သာ စိတ်အားတက်ကြွလို့ မာမာထန်ထန်။
သက်တောင့်သက်သာလည်းအပျင်းကြောဆန့်မနေလို၊ အိမ်ပြန်ရန်လည်း ဆန္ဒမရှိသည့် ဟိုမရောက်သည်မရောက် ကာလ၊ ရေငတ်တုန်းရေတွင်းထဲကျသလို အခွင့်အရေးတခုကပေါ်လာ။ BPLA တပ်တော်က အပတ်စဉ်၂ အတွက် တပ်သားသစ်များစုဆောင်းနေသည်တဲ့။ဆုံးဖြတ်ချက်က မေးခွန်းပြန်ထုတ်စရာမလိုအောင် သေချာပြီးသားမို့ ထက်သန်စွာဖြင့် စာရင်းပေးလိုက်တော့သည်။
မနက်စာဆိုသည်မှာ ဆန်ပြုတ်၊မိန်းကလေးဆိုလျှင် ဆံပင်ညှပ်ရ၊သင်တန်းဆိုသည်မှာ လေပေါ်လမ်းလျှောက်နေရခြင်း၏ဟိုမှာဘက် ပင်ပန်းခက်ခဲ။ထိုသို့ဆရာကပြောပြနေသော်လည်း နားမဝင်။မဝေတင်မက မောင်ဖြစ်သူကပါ သွားမည်ဆိုတော့ မောင်နှမနှစ်ယောက် ပိုင်နိုင်သော ဆုံးဖြတ်ချက်များဖြင့် အတူ။
“ သင်တန်းတက်တုန်းက တကယ်ကြီးပင်ပန်းတာ၊ ဒါပေမယ့် ဘယ်လောက်ပဲပင်ပန်းပန်း ပြန်မယ်ဆိုတဲ့ စိတ်ကူးက လုံးဝမရှိတာ။ အိမ်တော့လွမ်းတယ် ။ အမေ့ကိုလည်းလွမ်းတယ်။ ချစ်သူကိုလည်းလွမ်းတယ်။ စထွက်လာတုန်းက သူ့မွေးနေ့လေ ။ ဖုန်းလည်းဆက်မရဘူး။ အဲ့ကတည်းကအဆက်သွယ်ပြတ်သွားတာ။ “ဟု နီစွေးနေသောမဝေသည် ခပ်ငေးငေး ဆွေးဆွေးမြေ့မြေ့ဖြင့် လွမ်းပြသည်။
လူကောင်သေးသော်လည်း စိတ်ဓာတ်ကကျောက်သားပမာ အားကိုးရသဖြင့် သင်တန်းကာလတွင်ပင် တပ်စုမှူးတာဝန်ပေးအပ်ခံရကာ သူများထက်ပိုပင်ပန်းခဲ့ရ။ သင်တန်းပြီးလုပြီးခင်ကာလတွင် B1 ချို့တဲ့မှုကြောင့် ခြေထောက်များဖောရောင်ခဲ့သော်လည်း ထမ်းသောတာဝန်ကို တစ်ရွေးသားမျှ အပျက်မခံ ကျေပွန်စွာထမ်းလို့။ ညအိပ်ယာဝင်ချိန် သတင်းပို့ရာတွင် လမ်းမလျှောက်နိုင်သောကြောင့် မောင်ဖြစ်သူက ကုန်းပိုးပို့ပေးခဲ့ရ။ မိုင်တို၊မိုင်ရှည် လျှောက်ရသည့် သင်ခန်းစာများတွင် နေမကောင်းနေသည်ကိုပင် သတိမရ ။
သင်တန်းကာလပြီးဆုံးသွားချိန် ဆရာက မဝေအားရိက္ခာမှူးတာဝန်ပေးအပ်လာချိန်တွင်သူ့လိုအင်နှင့်တစ်ခြားစီမို့ ပြတ်ပြတ်ငြင်းချင်မိသော်လည်း ဦးထိပ်ပန်ရမည့်အမိန့်ကို မဝေ ဦးညွှတ်လိုက်သည်။
“ တကယ်တမ်း စိတ်ရင်းအတိုင်းဆို ကျွန်မ ရိက္ခာဆောင်မှာမလုပ်ချင်ဘူး၊ ကျွန်မက ရှေ့တန်းထွက် စစ်တိုက်ချင်တာ။ ကျွန်မကြိုက်တဲ့ carrier အလုပ်က လုပ်ပြီးသွားပြီ၊ နောက်ပြန်ကြည့်လည်း နောင်တရစရာမရှိဘူး၊ တောထဲဝင်လာတဲ့အချိန်မှာ အတွေ့အကြုံသစ်တခုနဲ့ လုပ်ချင်တာ။ ဒါပေမယ့် အမိန့်ကအမိန့်ပဲ ၊ တာဝန်က တာဝန်ပဲ ၊ တာဝန်ပေးလာရင် ကျွန်မတို့ လုပ်ရမှာပဲ “ ဟု ဆိုသည်။
အရာရာစေ့စပ်သေချာပြီး စည်းစနစ်ကျသည့် မဝေအဖို့ ရာနှင့်ချီသောလူများ၏ ရိက္ခာဆောင်တာဝန်ကို ခွဲဝေရာတွင် ပင်ပန်းလှသော်လည်း နိုင်နင်းစွာကိုင်တွယ်နိုင်ခဲ့သည်။ တပ်စုအလိုက် ခွဲဝေချက်ပြုတ်ကြရာ၌ မဝေချက်ပြုတ်ရေးတာဝန်ကျသည့်နေ့တွင်ကား ရဲဘော်များ ခေါင်းမဖော်နိုင် အောင် စားကောင်းလှသည်။
သို့သော်၊“ တစ်နေ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရမယ့် အချိန်ကျရင် ကျွန်မကိုယ်တိုင် ရှေ့တန်းထွက်ချင်တယ်၊ ဒါကျွန်မ အိပ်မက်ပဲ “ဟု မဝေက ပြင်းပြလှသော သူ့ချဉ်ခြင်းကို ထုတ်ဖော်ပြောခဲ့သည်။
နုနုရွရွ လက်ကလေးဖြင့် ဟင်းပွဲလှလှလေးများ ဖန်တီးခဲ့သူတစ်ယောက်ယခုတော့ အေးစက်မာကျောလွန်းလှသော သေနတ်ကိုင် တော်လှန်စစ်သမီးဘဝ။ထိုဘဝကိုသာ လတ်တလောသူ အလွန်ကျေနပ်နေဟန်။ နောင်တဆိုသည်မှာ သူ့အဘိဓာန်တွင် မရှိသော ဝေါဟာရ။
“ ကျွန်မအရင် အပြင်ဘဝမှာ လုပ်ခဲ့ရတုန်းက ပိုက်ဆံအတွက် အလုပ်လုပ်တာ ။ ဝါသနာပါတယ်ဆိုပေမယ့် အကျိုးမျှော်ကိုးပြီး လုပ်တာ ။ ကျွန်မအတွက် လခပြန်ရမယ်။ ကျွန်မ မိသားစုအတွက် အဆင်ပြေမယ်။ ဒါမျိုးနဲ့လုပ်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်လုပ်နေရတာဖြစ်တဲ့အတွက်ပျော်တယ်။ ဒါပေမယ့် ရာနှုန်းပြည့် ပျော်တာမျိုးတော့မဟုတ်ဘူး။ အဲ့ဒီမှာ stress တွေရှိလာရင် ကျွန်မထွက်ချင်တယ်ဆိုရင် အဲဒီအလုပ်ကအဆင်မပြေဘူးဆို နောက်အလုပ်တခုထပ်ရှာတယ်။ ရလည်းရတယ်။ ဒါပေမယ့် အခု ကျွန်မရွေးချယ်ထားတဲ့ တော်လှန်ရေးစစ်သားဘဝကျတော့ ဘာလိုချင်တပ်မက်မှုတခုမှမရှိဘူး တော်လှန်ရေးပြီးအောင်ပဲလုပ်ချင်တာ ။ ကောင်းအောင်ပဲလုပ်ချင်တာဖြစ်တဲ့အတွက် ဒီစိတ်ခံစားချက်က လုံးဝရာနှုန်းပြည့်ပဲ ” ဟု အတိတ်နှင့်ပစ္စုပ္ပန် ဘဝ မည်သို့မျှ မတူညီမှုကို ခွဲခြမ်းစိတ်ဖြာ မဝေသည် တက်ကြွစွာ ထိုသို့ ပြောပြသည်။
သေနတ်စွဲကိုင် စစ်သင်တန်းများတင်မက သေနတ်ကိုနိုင်ငံရေး အသိဖြင့် ကိုင်တွယ်နိုင်ရေးအ တွက် နိုင်ငံရေး သင်တန်းများကို လည်း တက်ရောက်ချင်သဖြင့် ဆရာ့ထံ ခွင့်ပန်။ သူတာဝန်ယူထားသည့် ဘဏ္ဏာရေးနဲ့ ထောက်ပံ့ရေးဌာန၊ဒုဌာနမှူးတာဝန်ကိုလည်း မလစ်ဟင်းစေရ။
ရှေ့တန်းမှာ လက်နက်စွဲကိုင် တော်လှန်လိုစိတ်ပြင်းပြလွန်းသည့်သူ့အဖို့ ဖြေသာရာတစ်ခုမှာ ဒုဌာနမှူးတာဝန်ကြောင့် တစ်ခါတစ်ရံ ရှေ့တန်းစစ်မြေပြင်သို့ ရ်ိက္ခာ လိုက်ပို့ရခြင်းပင်ဖြစ်သည်။
“ကျွန်မကိုယ်တိုင် ရဲဘော်တွေ နေတဲ့နေရာထိ လိုက်တယ်၊ ရိက္ခာပို့တယ်။ သူတို့ရဲ့လိုအပ်ချက်တွေမေးတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကိုနားထောင်တယ်။ အနည်းဆုံးတော့ ရှေ့တန်းစစ်မြေပြင်ကို ကိုယ်တိုင်ရောက်ရတယ်ဆိုတော့ ခံစားချက်က တဝက်တော့ သက်သာတယ်။ ဒါပေမယ့် အခု ရှေ့ထွက်တိုက်ဆို တိုက်ဦးမှာပဲ ၊တိုက်ချင်သေးတုန်းပဲ “ ဟု သူ့သွေးခုန်နှုန်းကို မြန်နှုန်းမြင့် ပြောပြသည်။
ပြီးတော့ သူမကြာခဏပြောလေ့ရှိသည်မှာ သူတို့မောင်နှမယူံကြည်ရာကို ကြည်ဖြူစွာ ခွင့်ပြုပေးခဲ့သည့် သူ့မိခင်။ “ ငါအသက်ကြီးပြီ မှီခိုပါရစေ “ ဟု မတောင်းဆို ၊ စိတ်မချဟူ၍ မဟန့်တား ၊ သားသမီး ဆန္ဒကိုလေးစားသည့် ထိုသို့သောမိခင်ကြီးမို့ မဝေအဖို့ ကျေးဇူးတင်လေးမြတ်ရ။
“ တော်လှန်ရေးပြီးရင် မောင်နှမနှစ်ယောက်စလုံး အမေ့ဆီ ယူနီဖောင်းအပြည့်အစုံနဲ့ ပြန်လာခဲ့မယ် “ တဲ့။သူ့ မိခင်ထံ လေလှိုင်းကြားမှ မေတ္တာအမှာစကားသည် တော်လှန်ရေးသမားပီသစွာ ရဲရဲပွင့်နေသည့် နှင့်ဆီနီတစ်ပွင့်ပမာ။
လျှာခံတွင်းကို အရသာအစုံအလင်ပေးသည့် ဟင်းပွဲများ ဖန်တီးရှင်သည် သေနတ်ကို တင်းတင်းဆုပ်ကာ ယုံကြည်ချက်အခိုင်အမာ စစ်အာဏာရှင်မြေလှန်မပစ်နိုင်မချင်း နေ့ရက်တိုင်းတွင် ကျောက်ဆောင် ကျောက်သားပမာ မဝေသည် ထိုသို့ မဝေပါ။
မဝေသည် စစ်အာဏာရှင်စနစ်ကို မြေလှန်ပစ်ရာတွင် သဲတစ်ပွင့် အုတ်တစ်ချပ်အဖြင့် အခိုင်အမာ။