ဝုန်းဒိုင်းကြဲနေသော ဆင့်ကဲလှိုင်းများအောက်တွင် ကိုယ့်အလောင်းကိုယ် မြင်နေရပြီဖြစ်သော စစ်ကောင် စီမှာ မျက်စိစုံမှိတ်ငြင်းဆန်ကာ နေပြည်တော်နောက်ဆုံးရက်များကို ဆွဲဆန့်ရန် အော်ဟစ်ရုန်းကန်လျက်ရှိသည်။
မသန်စွမ်း ချိနဲ့ ဇောက်ထိုးဆင်းနေသော စိတ်ဓာတ်ဖြင့် စစ်ကောင်စီ ဂီလာနတပ်သည် ရှမ်းမြောက်တခွင် အရှုံးကြီးရှုံးနေမှုကို ဇန်နဝါရီ၁၁ရက်တွင် တရုတ်ဖိအားဖြင့် ရပ်တန့်နိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်၌ ရက္ခိုင့် တပ် တော် AA ၏ တိုက်ခိုက်မှုအောက် မရပ်မနား ဆက်လက်ရှုံးနိမ့်ရပြန်ကာ ထိုးစစ်ကာလ၄လကျော်အတွင်း မြို့၉မြို့ ကို ထိုးအပ်လိုက်ရပြန်သည်။ဆက် လက်ပြီး AAက ဘူးသီးတောင်နှင့်မောင်တောမြို့များကို သိမ်းပိုက် နိုင်ရေး ထိုး စစ်ဆင်လျက်ရှိကာ ရခိုင်ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက် လက်သီးလက်မောင်းတန်းနေ ပြီဖြစ်သည်။
ရခိုင်တွင် AA ထိုးစစ်အောက် ပြားပြားမှောက်နေရဆဲသော မတ်လ၇ရက်နေ့တွင် ကချင်ပြည် နယ်အတွင်း ကေအိုင်အေနှင့် မဟာမိတ်တို့က ထိုးစစ်စတင်ပြန်တော့လည်း ငါ့မသေ ငါ့စခန်းမကျစေရ ဆိုသည့် စစ်ကောင်စီ တပ် စခန်းများမှာ ငါ လည်းသေ စခန်းလည်းကျ အလံဖြူထောင်သူကမနည်းလှ ။ မတ်လ၁၅ရက်တွင် စစ် ကောင် စီတပ်စခန်း ၂၀ ထက် မနည်းကို ကေအိုင်အေနှင့်မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သလို ကေအိုင် အေဌာနချုပ် လိုင်ဇာအနီး ရှိ တပ်စခန်းအားလုံးကိုလည်း ချေမှုန်းလိုက်နိုင်ပြီဖြစ်သည်။
ထိုသို့ ရခိုင်နှင့်ကချင်ပြည်နယ်တို့တွင် အရှုံးကြီး ရှုံးကာ အရူးမီးဝိုင်းနေသော စစ်တပ်သည် ကရင်ပြည်နယ် ၌လည်း အစဉ်အလာမပျက် ငရဲပွက်နေကြောင်း သတင်းများက ဖော်ပြကြသည်။ ကရင်ပြည်နယ်တွင်လည်း KNLA နှင့်မဟာမိတ်တို့က ကေအိုင်အေနှင့် တစ်ပြိုင်တည်း မတ်လ၇ရက်၌ပင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် ၁၀မိုင်ခန့်သာ ဝေးသော သင်္ကန်းညီနောင်ဗျူဟာကုန်းကို ကာပေး ထား သည့် တပ်ရင်း၃ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ခမရ-၃၅၅၊ ခမရ-၃၅၆ နှင့် သင်္ကန်းညီနောင်ရဲစခန်း တို့ကို သိမ်းပိုက်ထားလိုက်ပြီဖြစ်သည်။ထို့အပြင် မြဝတီမြို့တောင်ဘက်၊ ၉မိုင်ခန့်အကွာ၊ သောင်ရင်းမြစ်ကမ်းနံဘေးရှိ ဖလူးကြီး တပ်စခန်းကို ၃၅နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်လိုက်နိုင်ခြင်းက KNLAနှင့်မဟာမိတ်များအတွက် အရေး ပါသော စိတ်ဓာတ်ခွန်အားများ ဖြစ်လာသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီးနှင့် စစ်သား၆၀ခန့် မတ်၁၄ရက်တွင် အလံဖြူထောင်အညံ့ခံလိုက်ခြင်းကလည်း နောက်ထပ် အစု လိုက်အပြုံလိုက် လက်နက်ချအညံ့ခံကြရန်အတွက် ဖွင့်လိုက်သော တံခါးတစ်ချပ်လည်း ဖြစ်သည်။
ရခိုင်၊ကချင်နှင့် ကရင်ဒေသတို့တွင် အရှုံးပင်လယ်ဝေနေသော စစ်ကောင်စီမှာ သေနတ်ချင်း ယှဉ်ပစ်၍ မ နိုင်လျှင် ပြည်သူကို ရန်ရှာမည်ဆိုသောမူ နှင့်အညီ အဓမ္မစစ်မှုထမ်းစေခြင်း လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် ခတ်ကွင်းပြင်နေပြီ ဖြစ်သည်။
မတ်လဒုတိယပတ်အတွင်း ရန်ကုန်၊နေပြည်တော်နှင့် မြို့များစွာတို့တွင် စစ်ထဲဝင်ရမည့်အသက်အရွယ်ရှိ လူငယ်များစာရင်း ကောက်ခံခြင်းနှင့် စစ်ထဲဝင်ရန် ဆင့်ခေါ်စာ ပေးပို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။စစ်သင်တန်း ကို ကာလတိုပေးမည်ဖြစ်ပြီး အလှည့်ကျရှေ့တန်းထွက်ရမည်ဟုလည်း သိရသည်။
စစ်မှုထမ်းရမည့်အသက်အရွယ်ရှိသူသည် ခိုင်လှုံသည့်အကြောင်းပြချက်မရှိဘဲ နေအိမ်တွင်မရှိပါက တရား ခံပြေးအဖြစ် သတ်မှတ်ခံရမည်ဟုလည်းသိရသည်။လက်ရှိတွင် ဆင့်ခေါ်စာရပြီးနောက် သတ်မှတ်နေရာသို့ မလာ သူ များ ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသလို သတ်မှတ်နေရာသို့ သွားသူများကို ဆေးစစ်ကာ ထွက်မပြေးရန် ခံဝန်ထိုး ခိုင်းကြောင်း သတင်းအချို့ကဆိုသည်။
ဆိုတော့ စစ်ကောင်စီ အုပ်ချုပ်ရေးအဆင့်ဆင့်၏ စရိုက်ဆိုးအရ သတ်မှတ်အသက်ပြည့်ပြီး အိမ်တွင်မရှိသူ များနှင့် ပျက်ကွက်မှုတစ်ခုခုအတွက် မိသားစုဝင်တို့ကို ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့်ဖမ်းဆီးခြင်းတို့အား စစ်ကောင် စီအဆင့်ဆင့်က တပျော်တပါး ကျူးလွန်ကြတော့မည်မှာ သေချာသည်။ပြောရရလျှင် စစ်ကောင်စီသည် စစ်မှုထမ်း ရန် အကျုံးဝင်သူ လူငယ်၁၄သန်းနှင့် ၎င်းတို့၏မိသားစုများကို စစ်ထဲဝင်ရန် သေနတ်ထောက် ခြိမ်းခြောက်လိုက် ခြင်းဖြစ်ပြီး မကြာမီ အသက်၁၈နှစ်ပြည့်တော့မည့် လူငယ်များနှင့် မိသားစုများအားလည်း ကြိုတင်ခြိမ်းခြောက် လိုက်ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ရှုံးနေသမျှကို အငြိုးတကြီးစိတ်ဖြင့် အလုံးစုံပျက်သုဉ်းရေးဆီသို့ ဦးတည်ကာ လူ ငယ်မျိုးဆက်များအား လက်စားချေ ဖျက်ဆီးခြင်းဖြစ်သည်။ထို့အပြင် စစ်မှုထမ်းဥပဒေသည် အရေးပေါ်ခန်းထဲတွင် မြောနေသော ဂီလာနတပ်ကို အသက်ကယ်ဆေးထိုးကာ အသက်ဆက်ကြည့်ခြင်းဖြစ်ကာ ယင်းသည် စစ်ကောင်စီ ၏ နောက်ဆုံးထွက်သက်လည်း ဖြစ်ပေသည်။