အရှုံးသမား၏ လုံးပါးပါးနေသောဇာတ်ညွှန်း ဒါရိုက်တာ မင်းအောင်လှိုင်ခမျာ အမှန်ကိုအမှန်အတိုင်း ရှုမြင် ခံစားနိုင်စွမ်းမရှိလေတော့ ပြည်သူကို ပစ်မှတ်ထားရမ်းကား၊ မလုပ်ရဲတာ ဘာမှမရှိကြောင်း စစ်တွေမြို့၊ကိုရီး ယား ဆိပ်ကမ်းဈေးထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြခဲ့ပြန်သည်။
ဖေဖေါ်ဝါရီ၂၉ရက်နေ့ နံနက်၊ စစ်တွေမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ဘဲ အများ ပြည်သူ ဈေးရောင်း၊ဈေးဝယ်တို့ဖြင့် စည်ကားနေသည့်အချိန်၌ စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး ကနဦး သတင်းအရ သေဆုံးပြည်သူ ၁၂ဦးနှင့်ဒဏ်ရာရပြည်သူ ၈၀ခန့်ရှိခဲ့သည်။ ယခု နောက်ဆုံးသ တင်းအရ သေဆုံးပြည်သူ ၂၂ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ထို့အပြင် ပစ်ခတ်ခံရသည့်နေရာကို ဓာတ်ပုံရိုက်သူနှင့် ဈေးသို့လာသည့် အမျိုးသားအချို့ကိုပါ အရှုံးပင် လယ်ဝေနေသော စစ်တပ်က ဖမ်းဆီးကာ အောက်တန်းကျခဲ့ပြန်သည်။
အများပြည်သူ ရောင်းဝယ်ဖောက်ကားနေသော ဈေးထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းမှာ ယခုမှမ ဟုတ်။ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ဇန်နဝါရီ၂ရက်နေ့ကလည်း ကောလင်း မြို့ဈေးထဲသို့ ဝန်းသိုအခြေစိုက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ၆ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ သေးသည်။
စစ်တွေဈေးနှင့်ကောလင်းဈေးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ချိန်မှာ အများပြည်သူ စည်ကားနေသည့် နံနက်ပိုင်းအချိန်များ ဖြစ်သောကြောင့် ပြည်သူများ သေဆုံး၊ထိခိုက်မှုရှိအောင် ရည်ရွယ်ချက်ကြီးစွာဖြင့် အချိန်ရွေး ချယ်ပစ်ခတ်ခြင်းပင်ဖြစ်သည်။
ထို့အပြင် စစ်တပ်က ဆေးရုံ၊ဆေးခန်းများလည်း မချန်။ဖေဖေါ်ဝါရီ၂၇ရက် သန်းခေါင်ကျော်အချိန်က မင်း ပြားမြို့နယ်၊မင်းဖူးဆေး ရုံကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသမှုခံယူနေသော ပြည်သူများ နှင့် ဆေးရုံဝန်ထမ်းတို့ ပြင်းထန်ဒဏ်ရာများ ရရှိ။အဆိုပါဆေးရုံတွင် သုံ့ပန်းစစ်သားနှင့် ၎င်းတို့၏မိသားစုဝင်များကို ဆေးကုသပေး နေသည့်အရပ်ဘက်ဆေးရုံဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။ရုပ်သံ မှတ် တမ်းအရ ဆေးရုံအဆောက်အအုံများမှာ ရစရာမရှိ ပျက်စီးလို့။ ဖေဖေါ်ဝါရီ၉ရက်ကလည်း ကောလင်းမြို့ပြည် သူ့ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ဆေးရုံတစ်ခုလုံး ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား။
ဆေးရုံ၊ဆေးခန်းများကို စစ်တပ်က စစ်ရေးပစ်မှတ်များပမာ တိုက်ခိုက်ဖျက်ဆီးနေသည်မှာလည်း ယခုမှမ ဟုတ်။ မအောင်မြင်သည့် အာဏာသိမ်းပွဲ စတင်ချိန်မှစ၍ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှု အ ကြိမ်ပေါင်း ၁၂၀၀ ကျော်၊ ဆေးရုံ၊ဆေးခန်း ပျက်စီးမှု ၃၀၈ ခုနှင့် ကျန်းမာရေးလုပ်သား ၁၀၄ဦး သေဆုံးကာ ၁၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUGအစိုးရက ဖေဖေါ်ဝါရီ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်တပ်အတွက် တော်လှန်ရေးအင်အားစုတို့ ဝင်ရောက်တိုက်ခိုက်သော သို့မဟုတ် တိုက်ခိုက်သိမ်းပိုက် ထားသော မြို့များကို ရစရာမရှိအောင် တိုက်ခိုက်မီးရှို့ ဖျက်ဆီးခြင်းမှာလည်း အစဉ်အလာတစ်ရပ်လိုပင် ဖြစ်နေ တော့ သည်။ပြည်သူတို့၏ အသက်အိုးအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် မည်သည့်စစ်ကျောင်းတွင်မှ မသင် ကြားခဲ့ သော်လည်း မင်းအောင်လှိုင် သင်ရိုးညွှန်းတမ်းက ထိုသို့ ဆိုပုံရသည်။
ထို့ကြောင့်ပင် မြောက်ဦးမြို့ စစ်တပ်ဝင်းအတွင်း ဖမ်းဆီးထားသည့် သတင်းထောက် ကိုဖိုးသီဟအပါအ ဝင် အရပ်သား ပြည်သူ၇ဦးကိုလည်း ဇန်နဝါရီလအတွင်းက အကြောင်းမဲ့ သတ်ဖြတ်ပစ်လိုက်သေးသည်။ အဓိက အမိန့်ပေးသူ ခမရ- ၃၇၈ တပ်၏ တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုး၊ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ပြည်သူ၇ဦး ကို သတ်ရန် အလွယ်တကူပင် ဆက်လက် မီးစိမ်းပြ၊ ထို့နောက် ဗိုလ်ကြီးအာကာ မြင့်ဆိုသူက ထပ်ဆင့်အမိန့်ပေး ။မင်းအောင်လှိုင်စစ်တပ်၏ ဘီလူးသရုပ်သည် ကြောက်မက် ဖွယ်။
ဘာ့ကြောင့် ပြည်သူတို့၏အသက်အိုးအိမ်ကို အလွယ်တကူ ဖျက်ဆီးနေရသနည်း။တော်လှန်ရေးတပ်ဖွဲ့တို့ နှင့် သေနတ်ချင်းယှဉ်ပစ်သည့်တိုက်ပွဲတွင် အလဲလဲအကွဲကွဲမို့ ပြည်သူကို ရှုံးမဲမဲခြင်းဖြစ်သည်။ထို့အပြင် အရှုံးကို လက်မခံနိုင်သောကြောင့် ပြည်သူအပေါ်ပစ်မှတ်ထားတိုက်ခိုက်ကာ အာသာဖြေနေခြင်းလည်းဖြစ်သည်။
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တပ်သည် သေချာပေါက်စစ်ရှုံးနေပြီဖြစ်ပြီး အရှုူံးသမားကောင်းပီသအောင် ကြိုးစားကြရန်နှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းနက်ခြင်းကို ရပ်ရန် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးတို့အား တိုက်တွန်းခဲ့သည်။
“မင်းတို့ရဲ့ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအ တွက် သိက္ခာနည်းနည်းချန်ထား ခဲ့သင့်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ရှမ်းမြောက်ဒေသတွင် စစ်သားထောင်နှင့်ချီ လက်နက်ချခဲ့ပြီးပြီ။ရခိုင်ပြည်နယ်တွင်လည်း လက်နက်ချ အ လင်းဝင်သူ ထောင်နှင့်ချီ။မတ်လ၁ရက်နေ့အထိ စာရင်းအရ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ထိန်းချုပ်ထား သည်မှာ မြို့ပေါင်း ၄၃မြို့။
ထိုသို့ အရှုံးပေါ် အရှုံးဆင့်နေသော်လည်း မင်းအောင်လှိုင်နှင့် လက်တစ်ဆုပ် စစ်ဗိုလ်ချုပ်တို့မှာ အရှုံးကို မြင်နိုင် စွမ်းမရှိ၊ အရှုူံးကို ရင်ဆိုင်နိုင်စွမ်းမရှိ၊ အရှုံးအပေါ် သိက္ခာရှိရှိ တာဝန်ခံနိုင်စွမ်းလည်း မရှိ။မြန်မာတစ်နိုင်ငံ လုံးကို ရသလောက် မြေလှန်ဖျက်ဆီးကာ သရဲဘောင်ကြောင်စွာဖြင့် ထွက်ပြေးကြမည်သာဖြစ်သည်။ထို့ကြောင့် နွေဦးတော်လှန်ရေး၏ တစ်ခုတည်းသော ထွက်ရပ်လမ်းမှာ အာဏာဘီလူး မင်းအောင်လှိုင်နှင့် စစ်ရူးတစ်သိုက် တို့ ခြွင်းချက် မရှိ လက်နက်ချရေးသာလျှင် ဖြစ်ပေသည်။