ညီနောင်၃ဖွဲ့နှင့် စစ်ကောင်စီကြား ယာယီအပစ်ရပ်သဘောတူညီချက် စတင်ပြီး တစ်ရက် မပြည့်မီ မှာပင် ရှမ်းမြောက်ဒေသ အရပ်သားပြည်သူများကို ပစ်မှတ်ထားသော လက်နက်ကြီးနှင့်လေကြောင်း တိုက် ခိုက်မှုတို့ စစ်ကောင်စီက ကျူးလွန်လိုက်ကြောင်း ညီနောင်၃ဖွဲ့က ထုတ်ပြန်လိုက်သည်။
တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာသော တတိယအကြိမ်ကူမင်းဆွေးနွေးပွဲ၏ ရလဒ်၊ ဇန်န ဝါရီ၁၁ရက်၊ည၉နာရီတွင် နှစ်ဘက်တပ်များ ချက်ချင်းအပစ်ရပ်ရန် သဘောတူညီခဲ့ကြသော်လည်း ဇန်နဝါရီ၁၂ ရက်သို့ ရောက်သောအခါ စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၊ကွယ်ဟယ်ကျေးရွာနှင့်နမ္နတူမြို့နယ်၊မန်လီ ကျေးရွာတို့သို့ ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သလိုကျောက်မဲ၊မိုးကုတ်၊သီပေါ နှင့် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ညီနောင်၃ဖွဲ့က ထုတ်ပြန် ခဲ့ သည်။
ဆက်လက်ပြီး ဇန်နဝါရီ၁၃ရက်၊နံနက်၉နာရီကျော်တွင်လည်း ကျောက်မဲမြို့နယ်အတွင်းရှိ တအောင်း တပ်မတော် TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လာ၍ ၂နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း TNLA ကထုတ်ပြန်သည်။
တတိယအကြိမ်ကူမင်းဆွေးနွေးပွဲကို ဇန်နဝါရီ၁၀ရက်နှင့် ၁၁ရက်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှမ်း မြောက်ဒေသ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများ ချက်ချင်းရပ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ညီနောင် ၃ ဖွဲ့က ရှမ်းမြောက်ဒေသရှိ စစ်တပ်စခန်းများနှင့် ဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စတင်မပြုလုပ် ရန်နှင့် စစ်ကောင်စီအနေနှင့်လည်း ညီနောင်၃ဖွဲ့ သိမ်းယူထားသော ရှမ်းမြောက်နေရာများကို လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်ပစ်ခတ်မှုများ မလုပ်ရန်၊ထို့အပြင် တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသား များနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်၊မဖျက်ဆီးရန်လည်း သဘောတူခဲ့ကြခြင်းဖြစ်သည်။
ယခုအပစ်ရပ်သဘောတူညီချက်အပေါ် အခြေခံကာ နောက်ထပ်ဆက်လက်ဆွေးနွေးသွားမည်ဟု လည်း သဘောတူခဲ့ကြသည်။သို့သော်၊အပစ်ရပ်သဘောတူညီချက်ရပြီး မကြာခင် စစ်ကောင်စီတပ်က အရပ် သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ကျောက်မဲတွင် TNLAတပ်ကို ထိုးစစ်ဆင်ခြင်းက ကိုယ့်မျက်နှာ ကိုယ် တံတွေးဖြင့် ပြန်ထွေးရန် ဝန်မလေးသော စစ်ကောင်စီ၏ စရိုက်လက္ခဏာအား ဖော်ပြနေပေသည်။
ထို့အပြင် ယာယီအပစ်ရပ်သဘောတူညီချက်တွင် ညီနောင်၃ဖွဲ့ဟု ခေါင်းစဉ်တပ်ထားသော် လည်း ရခိုင်ပြည်နယ်ထဲတွင်မူ ရက္ခိုင်တပ်တော် AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ရှမ်း မြောက်ဒေသအတွက်သာ အကျုံးဝင်သည့်သဘောဖြစ်သည်။
ယင်းသို့သော အခြေအနေတွင် ယာယီအပစ်ရပ်သဘောတူညီချက်မှာ စစ်ကောင်စီ၏ ချိုးဖောက်မှု ကြောင့် ပျက်ပြယ်သွားပြီဟုလည်းဆိုနိုင်သော်လည်း တရုတ်က ဇွတ်အတင်း မပျက်ပြယ်ခြင်းလုပ်ကာ ညီ နောင်၃ဖွဲ့အပေါ် ဖိအားပေးမှုအရ ဆက်လက်ဆွေးနွေးမှုများလည်း ရှိမှာသေချာသည်။
ညီနောင်၃ဖွဲ့၏ ရှမ်းမြောက်ဒေသ ၁၀၂၇စစ်ဆင်ရေးတွင် သိမ်းထားသည့်မြို့ ဆယ်ဂဏန်းနှင့် စ ခန်းပေါင်း ၅၀၀ ဝန်းကျင်တို့မှာ တော်လှန်ရေးရဲဘော်တို့၏ အသက်များစွာပေးဆပ်မှုနှင့် လက်နက်ခဲယမ်းကုန် ကျစရိတ် မြောက်မြားစွာ ရင်းနှီးမြှုပ်နှံပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ထို့အပြင်ယင်းသို့သော သိမ်းပိုက်နိုင်စွမ်းမှာ စစ်အာဏာရှင်များ လက်ထက် တိုင်းသားရင်းလက်နက်ကိုင်အဖွဲ့တို့ တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသော အခမ်းနားဆုံး အောင်မြင်မှု လည်းဖြစ်သည်။ထိုသို့သော နင်းခဲ့သည့်အောင်မြေများကို ညီနောင်၃ဖွဲ့က စစ် ကောင်စီအလိုကျ ပြန်လည်ပေးအပ်ရန်မှာလည်း မလွယ်ပေ။
စစ်ကောင်စီတပ်သည် တိုက်တိုင်းရှုံး၊တိုက်တိုင်းပြေးနေရုံတင်မက လောက်ကိုင်မြို့၌ တရားဝင်လက် နက်ချပွဲကြီးကိုပါ ကျင်းပခဲ့ရသည့်တိုင် စစ်ခေါင်းဆောင်တို့ကမူ ၎င်းတို့၏အမူအကျင့်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် အပေါ်စီးမှနေ၍ စီးစီးမိုးမိုး ဆက်ဆံရေးအလေ့ကို မပြောင်း။တွေ့ဆုံဆွေးနွေးပွဲ များ၌ ၎င်းတို့နိုင်နေသည်ဆိုသောအချိုးမျိုးဖြင့် ညီနောင်၃ဖွဲ့ သိမ်းထားသောနယ်မြေများ ပြန်ပေးရန်သာ မောက်မောက်မာမာတောင်းဆိုရုံတင်မက ခြိမ်းခြောက်မှုများပင် ရှိခဲ့သည်။
ထို့ကြောင့် ဆွေးနွေးပွဲ၏ ဒုတိယအဆင့် နယ်မြေခွဲဝေ အထိုင်ပြန်ချရေးကိစ္စမှာ သဘောတူညီချက်ရ ရန် မလွယ်သလို တတိယအဆင့်ဖြစ်သော ၁၀၂၇စစ်ဆင်ရေး လုံးဝရပ်ဆိုင်းရေးနှင့် ၁၀၂၇နှင့် နွေဦး တော်လှန် ရေးမဆက်စပ်ရေးဆိုသည့် စစ်ကောင်စီနှင့်တရုတ်တို့၏ စိတ်ကူးယဉ်မှုမှာလည်း စိတ်ကူးယဉ်၍ ကောင်းရုံသာ ရှိနေပေလိမ့်မည်။
၁၀၂၇စစ်ဆင်ရေးရည်ရွယ်ချက်ထဲတွင် မြန်မာပြည်သူတို့ လိုလားနေသော စစ်အာဏာရှင်စနစ်အမြစ် ပြတ်ရေးလည်းပါဝင်ကြောင်း ညီနောင်၃ဖွဲ့က အကြိမ်ကြိမ်ကတိပြုခဲ့ပြီးဖြစ်သလို ဇန်နဝါရီ၁၂ရက်နေ့၊၆၁နှစ် မြောက် တအောင်းအမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနေ့အထိမ်းအမှတ် TNLA ၏ထုတ်ပြန်ချက်ထဲ တွင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ဖော်ပြခဲ့သည်။
ယင်းတို့ကို စုစည်းဖွင့်ဆိုရသော် ၁၀၂၇စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအစိတ်အပိုင်းတစ်ရပ်အ ဖြစ် ဆက်လက်ချွန်းဖွင့်တိုက်နေဦးမည်ဟု အဓိပ္ပါယ်ထွက်ပေါ်နေပါသည်။